ကျောက်ဆည် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက တိုးတက်သောလူတိုင်းသည် စာပေဖတ်ရှုသူများ ဖြစ်ကြောင်း၊ ဘက်စုံထူးချွန်စေရေး အားလပ်ချိန်များတွင် စာအုပ်စာပေများဖတ်ရှုသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း နှင့်(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)