ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ဟားခါး ဖေဖော်ဝါရီ ၁၄

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့နံနက် (၉) နာရီခွဲက  ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေးရာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း ၊ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးနှင့် စစ်ဗျူဟာအခြေချ (ဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းတို့လိုက်ပါကာ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ခင်းကျင်း ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ဆပ်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ဌာနဆိုင်ရာများအနေဖြင့် ပြခန်းများ ခင်းကျင်းပြသရာတွင် မိမိတို့ဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မိမိတို့ဌာနနှင့်ပတ်သက်၍ ပြည်သူလူထုများ သိရှိထားသင့်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များကို ထိထိမိမိ ဖော်ပြထားသင့်ကြောင်း အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)