မိုးညှင်း ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် စည်ပင်သာယာ (မြို့မ) ဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စျေးဆိုင်ခန်းများတွင် ရှေးဦးမီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှုနှင့် အသုံးပြုနိုင်မှု အခြေအနေများ၊ မြို့မစျေးတွင် အရေးပေါ်အချိန်အတွင်း ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာ၌ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ် (၁) စီးနှင့် စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် (၁) စီး စုစုပေါင်း (၉) စီးတို့ဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း