မိုင်းယောင်း ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ သည် ကျေးလက်နေပြည်သူများအား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှာ့ချရေး တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ပိုင်းက ယမ်းမွန်း ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများအား ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှာ့ချရေး တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းနေလှိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့တို့က မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ဟောပြော ခဲ့ကြရာ ဒေသနေတိုင်းရင်းသား ပြည်သူများ နားလည်သဘောပေါက်စေရေးအတွက် ဝမ်ဘိုးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေက ရှမ်းဘာသာဖြင့် ဘာသာပြန်ပေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်ခြင်း၊ သစ်တောပြုန်းတီးမှုကြောင့် မြေဆီလွှာများ လွယ်လွင့်တကူ တိုက်စားပျက်စီးဆုံးရှုံးမှုအား လက်တွေ့သရုပ်ပြခဲ့သည်။
ယင်းနောက် ဟိုရမ်းကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဆရာမက ညစ်ညမ်းသော မီးခိုးမြူ ငွေ့များရှူရှိုက်မိပါက ဖြစ်စေတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ များကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဝမ်ဘိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြကာ သိရှိလို သည့်မေးမြန်းချက်များကိုလည်း တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)