ပူတာအို ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့် စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျော့ချ နိုင်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန် သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြင့်အစားအစာများ စနစ်တကျဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာစေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်က အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ဒေသထွက်သီးနှံများကို တန်ဖိုးမြင့်စားသောက်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ဓာတုဗေဒတာရှည်ခံဆေးများ အသုံးပြုပုံနှင့် မှားယွင်း အသုံးပြုခြင်းကြောင့် စားသုံးသူများအတွက် ဘေးဉပဒ်အန္တရာယ်များဖြစ်စေနိုင်သော အကြောင်းအရာများကို အသိပညာ၊ ဗဟုသုတများအဖြစ် သင်ကြားပြီး လက်တွေ့လေ့ကျင့်ပြုလုပ် သွားရမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာများနှင့် နည်းပညာများကိုပေါင်းစပ်၍ မိမိအတွက်သာမက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစား သင်ယူသွားကြရန်တိုက်တွန်း မှာကြားလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က သင်တန်းဖွင့် လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က သင်တန်းသုံး သီးနှံကုန်ကြမ်းပစ္စည်းများအား သင်တန်းသူတစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှု အားပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာမှ သင်တန်းသူ စုစုပေါင်း(၂၀)ဦးတို့အား ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်)၊ ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဖေဖော်ဝါရီ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့(၃၀) ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်