တနိုင်း ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသအတွင်း ဒေသဝမ်းစာဆန်နှင့် ဒေသတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးနှင့် ထုတ်ကုန်လုပ်ငန်းများ တိုးမြှင့်လာစေရေးတို့အတွက် တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက တနိုင်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စည်ပင်သာယာမနက်ဈေး၌ ဒေသထွက်ပယင်းအချောထည်များ ရောင်းချနေမှုနှင့် ဒေသထွက် အသီးအနှံများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပယင်းအကြမ်းထည်များ ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ အရောင်းအဝယ်ဖြစ်ထွန်းမှု အခြေအနေများနှင့် ကုန်ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ ကင်းဆားရာရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၅၀၀ မတည်ပေးမှုဖြင့် တနိုင်းဒေသအတွင်း ပထမဆုံးဖွင့်လှစ်သည့် “ဒိုးကလေး” တန် ၂၀ ကျ အဆင့်မြင့်ဆန်စက်ဖွင့်ပွဲ အခမ်းအနားသို့ တက် ရောက်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ဂျိမ်းဖော၊ လီဆူ၊ ရှမ်းနှင့် နာဂ တိုင်းရင်းများ၏ ရိုးရာအကအလှများဖြင့် နွေးထွေးစွာပျူငှာစွာကြိုဆိုမှုကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
ဆက်လက်၍ ဆန်စက်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် ဒိုးကလေးဆန်စက်ပိုင်ရှင် ဦးအောင်တိုးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ဆန်စက်ဖွင့်ပွဲတွင် ပါဝင်ခဲ့ကြသော တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆန်စက်အတွင်း ဆန်စက်သစ် စတင်လည်ပတ်နေမှုအခြေအနေများကို တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုူကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆန်စက်ဝင်းအတွင်း ဒေသခံတောင်သူများ၏ စပါးများ ကြိတ်ခွဲပေးနိုင်ရေး စုဆောင်းထားရှိသည့် ဂိုထောင်တည်ဆောက်ထားရှိမှု အခြေအနေများနှင့် ခြံဝင်းအတွင်း စိုက်ပျိုးထားသည့် R2P2၊ စိန်တစ်လုံး၊ စိမ်းချိုမွေး သရက်မျိုးများ၊ ပန္နဲ၊ ကြက်မောက်၊ ဂရိတ်ဖု၊ ကျွဲကော၊ လိုင်ချီး၊ ကွမ်းသီးပင် စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ငါးကန်များအတွင်း ငါးများမွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆန်စက်သစ်ဖွင့်ပွဲ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာအဖွဲ့များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြကာ ပန်းမနောအကကို အတူတကွ စုပေါင်းဆင်နွှဲခဲ့ကြသည်။
ယင်းနောက် တနိုင်းမြို့ ကင်ဆားရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြန်လည်နေရာချထားပေးသည့် အိမ်ရာ၌ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီး ချုပ်က အားပေးအမှာစကားပြောကြားကာ အိမ်ထောင်စု ၄၆ စုအတွက် ဆန်အိတ် ၄၆ အိတ်နှင့် နိုင်ငံ တော်မှ ပေးအပ်သည့် ငွေကျပ် ၂ သောင်းစီကို လည်းကောင်း၊ ဘာသာရေးဆရာများအတွက် လက် ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အိမ်ထောင်စုများ၏ ကချင်ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြုပေးအပ်မှုကို လက်ခံရယူကာ အိမ်ထောင်စုများ၏ သောက်သုံးရေလိုအပ်ချက်အတွက် စက်ရေတွင်းများ တူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ ဒူကောင်းရပ်ကွက် ဦးပိုင် အမှတ်(၁)၊ ကွင်းအမှတ် ၂၀ အတွင်း တောင်သူဦးယောဘ၏ လယ်အပါအဝင် လယ်ဧက ၄၀ တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးထပ်အတွက် မြေသြဇာမြေဆီမြေနှစ်ပြည့်ဝစေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)မျိုးစေ့များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသဝမ်းစာဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် မိုးစပါးအပါအဝင် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသခံတောင်သူများအနေဖြင့် စဉ်ဆက်မပြတ် မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ နှင့် ချိတ်ဆက်ပူးပေါင်းညှိနှိုင်း၍ ပေါင်းစပ်ဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားပြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျော်) စိုက်ပျိုးခြင်းဖြင့် တောင်သူရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများက မိုးစပါးနှင့်သီးထပ်အတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကာ တောင်သူများအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)မျိုးစေ့အိတ်များ၊ ရွက်ဖျန်းမြေသြဇာအိတ်များနှင့် ကန်စွမ်းရွက်မျိုးစေ့အိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသခံတောင်သူများ၊ တာဝန်ရှိသူများနှင့်အတူ လယ်မြေအတွင်း တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)ကြဲပက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ငွေရယူကြမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ လည်ပတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တနိုင်းဒေသအတွက် မတည်ဆောင်ရွက်ပေး လျက်ရှိသည့်အခြေအနေများ၊ တောင်သူများမှ နွားမွေးမြူရေးလုပ်ငန်းတိုးချဲ့ရန်၊ ဆန်စက်များ တည်ထောင်အဆင့်မြှင့်တင်ရန်၊ ရိတ်သိမ်းချွေလှေ့စက်နှင့် ထွန်စက်များ ဝယ်ယူရန် စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မတည်ငွေများ ရယူလိုမှုအပေါ် ရှင်းလင်းတင်ပြကြရန် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေကြိုးစားလုပ်ဆောင်ရာတွင် ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွဲဝေချထားပေးနိုင်ရေး စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိတို့ရည်မှန်းချက်ဖြစ်သည့် ဆန်ဖူလုံရေးနှင့် စားဆီဖူလုံရေးကို လည်း အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် လိုကြောင်းတိုက်တွန်းမှာကြားသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းကလည်း တနိုင်းမြို့ ကင်ဆားရပ်ကွက်အတွင်းရှိ ပိုင်ရှင်ဦးဝင်းဆွေ၏ “လွှမ်းထက်အောင်” ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး ခြံဝင်းအတွင်းရှိ ကြက်ခြံများ၌ အသားစားကြက်ကောင်ရေ ၃၀၀၀ နှင့် ဥစားကြက်ကောင်ရေ ၆၅၀၀ တို့အား စနစ်တကျမွေးမြူထားရှိမှု၊ ကြက်နှင့် တိရစ္ဆာန်အစာအိတ်များ စုဆောင်းသိုလှောင်ထားရှိမှု အခြေအနေများနှင့် ခြံဝင်းအတွင်း ဒေသနွားကောင်ရေ ၂၀ ကျော်နှင့် မန်ဒါလီနှင့် ဘဲငန်းများ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်းဖြန့်ဖြူး ရောင်းချပေးနိုင်မှု အခြေအနေများနှင့် စီးပွားဖြစ်ထွန်းမှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် ကြက်စာအိတ်များ၊ တိရစ္ဆာန်ဖြည့်စွက်အစာ အိတ်များနှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး နည်းပညာနှင့် လိုအပ် သည်များ ကူညီပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်၊ နန်ဗျူချောင်းဘေးရှိ သဲခုံပေါ်တွင် တောင်သူ ဦးသောင်းဝင်း၏ ခြံ၌ မြေဧရိယာ ၅ ဧကအား ဆောင်းသီးထပ် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုး ထားရှိမှုအခြေအနေများနှင့် နေကြာနှင့်အတူ မြေပဲ ၅ ဧက၊ မြေထောက်ပဲ ၁ ဧကခွဲ စိုက်ပျိုးထားရှိ သည့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နန်ဗျူချောင်း သဲသောင်ဖြစ်ထွန်းမှု ရေစီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တနိုင်းမြို့ တနိုင်းချောင်းပေါ်တွင် တည်ဆောက်ထားသည့် တနိုင်းတံတား၏ ကြံ့ခိုင်မှုကိုဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချောင်းတစ်ဖက်ကမ်းရှိ ပုန်ခုန်ကောင်းရပ်ကွက်အတွင်း တည်ထောင်ဖွင့်လှစ်ထားသည့် “ဒိုးကလေး” ကားလေး၊ ကားကြီးဝပ်လျော့သို့ သွားရောက်ပြီး ကားအပိုပစ္စည်းများ၊ တာယာများ ရောင်းချနိုင်မှု၊ ကားများ ပြုပြင်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းတိုးချဲ့ ရင်းနှီးမတည်လိုပါက ရန်ပုံငွေချထားပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် ကင်ဆားရာရပ်ကွက် ညနေဈေးသို့ သွားရောက်ပြီး ဈေးအတွင်း ဈေးရောင်း/ ဈေးဝယ်များဖြင့် စည်ကားများပြားလျက်ရှိသည့် အခြေအနေများ၊ ဒေသထွက် ဟင်းသီးဟင်းရွက်များ ရောင်းချနေမှုအခြေအနေများနှင့် အရောင်းအဝယ်ဖြစ်ထွန်းမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ဒေသထွက် ဟင်းသီးဟင်းရွက်များအား ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)