ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာ၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့် စားသောက်ကုန်များ ထွက်ပေါ်လာစေရန်နှင့်တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့်စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်အတွက် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၁)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက ဓာတုဗေဒတာရှည်ခံဆေးများအသုံးပြုပုံနှင့်မှားယွင်းအသုံးပြုခြင်းကြောင့် စားသုံးသူများအတွက် ဘေးဉပဒ်အန္တရာယ်များဖြစ်စေနိုင်သော အကြောင်းအရာများကို အသိပညာ၊ ဗဟုသုတများအဖြစ် သင်ကြားပေးခဲ့ပြီး လက်တွေ့လေ့ကျင့်ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာများနှင့်နည်းပညာများကို ပေါင်းစပ်၍ မိမိအတွက်သာမက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း သင်တန်းဆင်း အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က သင်တန်းဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်များနှင့် သင်တန်းသူများ လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က သင်တန်းထွက် ကုန်ချောပစ္စည်းများကို သင်တန်းသူတစ်ဦးထံကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်းက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးထံကိုလည်းကောင်း အသီးသီးပေးအပ်ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက်အခမ်းအနား တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများက သင်တန်းထွက်ကုန်ချောပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာမှ သင်တန်းသူစုစုပေါင်း(၂၀)ဦးတို့အား ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်)၊ ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊  အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှသင်တန်းနည်းပြများက ဖေဖော်ဝါရီ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာစာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ဖုန်ကန်(ပူတာအို)