ကချင်ပြည်နယ်တရားလွှတ်တော်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ခရိုင်/မြို့နယ်တရားသူကြီးများနှင့် တရားရေးအရာရှိများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး များ၊ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များ အား ကချင်ပြည်နယ်တရားလွှတ်တော်၌ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ပြည်နယ်တရား လွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်းရာတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပြီး တရားရုံးများ၌ လက်ခံစစ်ဆေးလျက်ရှိသောအမှုများကို ကြန့်ကြာမှုမရှိစေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏လမ်းညွှန်မှာကြားချက်များအတိုင်း အလေးအနက်ထား၍ မှန်ကန်မြန်ဆန်စွာဖြင့် စစ်ဆေးစီရင် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဦးတူးမော်၊ ဦးအောင်မြင့်နှင့် ဒေါ်ပြုံးပြုံးကြည်တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေး  ပြောကြားခဲ့ကြပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က တရားရုံး စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များအပေါ် အလေးထား လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးအကြံပြု ပြောကြားခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများက သက်ဆိုင်ရာတရားရုံးများအလိုက် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ဦးအောင်မြင့်နှင့် ဒေါ်ပြုံးပြုံးကြည်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ အပါအဝင် စုစုပေါင်း (၃၃)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)