မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ စနစ်တကျ ထုတ်ဖော်ထိန်းသိမ်းပြသနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ယဉ်ကျေးမှုပြတိုက် (မြစ်ကြီးနား) တိုးချဲ့အဆောင်သစ်အတွင်း ပြသခင်းကျင်းဆောင်ရွက်လျက်ရှိသည့် အခင်းအကျင်း (Layout Plan) နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ကချင်ပြည်နယ်ယဉ်ကျေး မှုပြတိုက် တိုးချဲ့အဆောင်သစ် (၂)ထပ်ဆောင်အတွင်း မြေညီထပ်၌ ကချင်ပြည်နယ်၏ အထင်ကရ နေရာများ ပါဝင်သည့် ပြည်နယ်မိတ်ဆက်ပြကွက်၊ Digital Museum ပြကွက်၊ ဒြပ်မဲ့ယဉ်ကျေးမှု ပြခန်းနှင့် အစည်းအဝေးခန်းမ၌ (Mini Theatre & Function Hall)တို့ ပြကွင်း/ပြကွက်များ ပြသထား ရှိမှု အခြေအနေများနှင့် ပထမထပ်တွင် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု(၅)မျိုးတို့ မျိုးနွယ်စုအလိုက် ဝတ်စားဆင်ယင်မှုများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ပေါ်လွင်သည့် ပန်းချီပြကွက်နှင့် ကချင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများအရ ကျင်းပရသော ပွဲတော်များထဲမှ ခမ်းနားကြီးကျယ်သည့် မနောပွဲပြကွက်ကို ခေတ်မီစနစ်ဖြင့် ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြတိုက်မူလအဆောက်အဦအတွင်းသို့ သွားရောက်ပြီး ဌာနေတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေပြခန်း၊ စာကြည့်တိုက်တို့ဖြင့် ပြင်ဆင်ခင်းကျင်း ပြသထားရှိမှုများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုးချဲ့အဆောင်သစ်အတွင်း ခေတ်မီစနစ်များဖြင့် ရိုးရာယဉ်ကျေးမှုပြကွင်းပြကွက်များကို ပိုမိုပေါ်လွင်အောင်ပြသနိုင်ရေး၊ လိုအပ်သည့် အချက်အလက်များ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများနှင့် ပြကွက်အလိုက် ရှေးဟောင်းပစ္စည်းများကိုပါ စုံလင်စွာပြသနိုင်ရေး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားရေးနှင့် ပထမထပ်ဖွင့်လှစ်ပြီးဖြစ်သဖြင့် ဒုတိယထပ်ပြကွက်များ ပြီးစီးပါက ဖွင့်ပွဲကျင်းပပြုလုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် ဌာနတွင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ အခက်အခဲများကို သိရှိဖြေရှင်းပေးနိုင်ရန်အတွက် ယခုလို စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံခြင်းအားဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတွင် ဘက်စုံထောင့်စုံမှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် အချင်းချင်းချိတ်ဆက် ညှိနှိုင်းမှုပိုမိုအားကောင်းလာနိုင်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့်၊ တည်ငြိမ်အေးချမ်းသည့် ပြည်နယ်တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်က နေ့လည်စာအတွက် ကျေးဇူးတော်ချီးမွမ်း၍ ဆုတောင်းဆက်ကပ်ပေးပြီး မိတ်ဆုံစားပွဲအဖြစ် နေ့လည်စာကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ရင်းနှီးနွေးထွေးစွာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)