ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ရိုးပြတ်ကျန်လယ်များအတွင်း ကုန်ထုတ်လမ်းများ ဖောက်လုပ်၍ လယ်သီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များအတွင်း သီးထပ်စိုက်စွမ်းအား တိုးမြှင့်လာစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာ အုပ်စု အတွင်းရှိ ကွင်းအမှတ် (၃၉) လီဆူအရှေ့ကွင်းသို့ သွားရောက်ပြီး တောင်သူပေါင်း (၁၀၉)ဦး လယ်ဧရိယာ (၃၈၄ ဒဿမ ၀၉) ဧကနှင့် ကွင်းအမှတ် (၄၀)၊ လီဆူအနောက်ကွင်းအတွင်း တောင်သူ (၄၄)ဦး၏ လယ်ဧရိယာ (၁၄၉ ဒဿမ ၆၉)အတွင်း ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေး၊ လယ်ကွင်းအတွင်း လူနေအိမ်ခြံဝင်းများ ဖောက်လုပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး၊ သီးထပ်စိုက်ပျိုးရေးအတွက် လိုအပ်သည့်သွင်းအားစုများ ကူညီ ပေးနိုင်ရေး ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့မှတစ်ဆင့် ပလနကျေးရွာအုပ်စု၊ ပလန (၅) ရပ်ကွက်အတွင်း စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စွန့်ပစ်အမှိုက်ကန်သစ် လျာထားမြေဧရိယာ မြေဧရိယာ ဧက(၅၀) သို့ သွားရောက်ပြီး အမှိုက်ကန်သစ်သို့ အဝင်လမ်းနှင့် အမှိုက်ကန်ပတ်လမ်းများအား မြေသားလမ်းများ ဖောက်လုပ်နေမှုအခြေအနေများနှင့် ကွန်ကရစ်ရေကျော်တံတားများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စွန့်ပစ်အမှိုက် ပိုမိုများပြားလာသဖြင့် နန်ကျင်အမှိုက်ကန်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိတော့သည့်အတွက် ရေရှည်အစီအမံတစ်ခုအဖြစ် ယခုအမှိုက်ကန်နေရာသစ်ကို လျာထားဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် ပိုမိုစနစ်ကျသည့် နေရာတစ်ခုအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)