ပူတာအိုမြို့နယ် မူလာအွန်ကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်လှစ်

ပူတာအို ဖေဖော်ဝါရီ   ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ခြင်းအားဖြင့် ပြည်သူများဝင်ငွေတိုးပွားလာစေရန် တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင် နည်းပညာများသင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများ အတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်သည့် မူလာအွန်ကျေးရွာချမ်းသာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ယခုသင်တန်းကဲ့သို့သော အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းအားဖြင့် ကျေးလက်ဒေသများတွင် နေထိုင်သော လူငယ်၊ လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မှာဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ဒေသခံလူငယ်များအတွက် နည်းပညာနှင့်အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်းကြောင့် မိသားစုများ ဝင်ငွေတိုးပွားလာမှာဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့် နည်းပြများ၏သင်ကြားမှုအား ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးသန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က သင်တန်းတွင်အသုံးပြုမည့် သင်တန်းသုံးလုပ်ငန်းပစ္စည်းများအား သင်တန်းသားများကိုယ်စား သင်တန်းသားနှစ်ဦးထံ လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားတက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှု များ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်“မူလာမြေ”ကျေးရွာစာကြည့်တိုက်နှင့်ဆိုလာစနစ်ဖြင့် ကျေးရွာအတွင်း သောက်သုံးရေဖြန့်ဝေ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းသို့ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် မူလာအွန်ကျေးရွာမှသင်တန်းသား(၂၀)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံ၊ ကာဗျူရေတာဖြုတ်/တပ်စစ်ဆေးခြင်း၊ အင်ဂျင်ဟက်နှင့်အင်ဂျင်ဘလောက်များ ဖြုတ်/တပ်စစ်ဆေးခြင်း၊ သံလိုက်အုံနှင့် ကလပ်အုံဖြုတ်/ တပ်စစ်ဆေးခြင်း၊ ဂီဘာဘောက်ဖြုတ်/တပ်စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်မီးပေးစနစ်များ အလုပ်လုပ်ပုံများနှင့် သွယ်တန်းခြင်းများကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဖေဖော်ဝါရီ(၂၅)ရက်မှမတ်လ(၂၆)ရက်နေ့အထိ သင်တန်းကာလတစ်လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)