ကချင်ပြည်နယ်ဝန်ကြီးချုပ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်၊ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ရှေးဦးစွာ အဆိုပါ RCC (၆)ထပ် ကျောင်းဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်နှင့် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးဇေယျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ကျောင်းဆောင်သစ်အတွင်း ဖွင့်လှစ်ပြသထားသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာရေးစွမ်းရည်ပြခန်းများကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီနှင့် အယ်ဒီတာအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ၊ တည်ငြိမ်အေးချမ်းစွာ အတူတကွပေါင်းစည်းပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သကဲ့သို့ နှစ်ပတ်လည်မဂ္ဂဇင်းကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုအဆင့်မီအောင်၊ အနုပညာ၊ ဗဟုသုတ၊ ရသမြောက်အောင် ပြင်ဆင်ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကိုယ်စိတ်နှလုံးနှစ်ကာ အပင်ပန်းခံ ဆောင်ရွက်ခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိသလို အထူးလည်းမှတ်တမ်းတင်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ အယ်ဒီတာအဖွဲ့ဝင်များထဲမှ စာရေးဆရာ (၂)ဦးအား ကျန်းမာရေးမှုစရိတ်အဖြစ် ထပ်ဆောင်းချီးမြှင့်ငွေများကိုလည်းကောင်း ဂုဏ်ပြုပေးအပ်ခဲ့ရာအယ်ဒီတာချုပ်၊ စာရေးဆရာ အကြီးကိုကို(ကသာ)က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ မလိခခန်းမ၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ကြိုတင်စခန်းသွင်းလေ့ကျင့်ပြင်ဆင်၍ ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင် အဆင့် (၃)နေရာ၌ ရပ်တည်နိုင်သည်အထိ အောင်မြင်ခဲ့သလို ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင်လည်း အဆင့်(၅)နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ထိုသို့စွမ်းဆောင်နိုင်ခဲ့သည့် အားကစားနည်းအလိုက် ဆပ်ကော်မတီတာဝန်ရှိသူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ်တွင်လည်း ပြိုင်ပွဲအသီးသီး၌ ကြိုတင်ပြင်ဆင်အောင်မြင်မှုရရှိရန်၊ လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ဘဏ္ဍာနှစ်အလိုက် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ခဲ့သည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်နိုင်ရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လိုအပ်ချက်၊ အားကစားသမားများ စခန်းသွင်းလေ့ကျင့်စဉ် ကျွေးမွေးစရိတ်များကို အသီးသီးတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ နည်းပြများအတွက် ချီးမြှင့်ငွေကျပ်(၈၆)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

အလားတူ ညနေပိုင်းတွင်လည်း မြစ်ကြီးနားမြို့ ပလန(၅) သဇင်မြိုင်ကျေးရွာအုပ်စုအတွင်း ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နယ်မြေအသီးသီးမှ တိမ်းရှောင်လာခဲ့ကြသည့် အိမ်ထောင်စုများ အခြေချနေထိုင်နိုင်ရေးအတွက် အဆိုပါကျေးရွာအတွင်းရှိ သတ်မှတ်မြေဧရိယာတွင် အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာ စကားပြောကြားသည်။

ထို့နောက် စခန်းတာဝန်ခံနှင့် မိသားစုများက ရွေ့ပြောင်းနေထိုင်မည့် မြေဧရိယာအတွင်း နေအိမ်အဆောက်အဦများ တည်ဆောက်ရန် လျာထားမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများအတွက် ငွေကျပ်သိန်း (၅၀)နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ခဲ့ကာ မြေဧရိယာရှင်းလင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)