မိုးညှင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သမဝါယမအသင်းများ၏စိုက်ပျိုးထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးကြရာ၌ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်း ဦးဆောင်သည့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြရာတွင် ပင်းဟဲကျေးရွာရှိ ကွင်းအမှတ်(၃၁၂)၊ ဦးပိုင်အမှတ် (၃၃)၊ တောင်သူဒေါ်မြဝင်း၏ လယ်မြေတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိသော မြေပဲ(၄)ဧကနှင့်ပဲပုတ်(၆)ဧကစိုက်ခင်းအား မြေဩဇာများလိုအပ်မှု အခြေအနေများနှင့် ပိုးမွှားရောဂါများကျရောက်နေမှု ရှိ၊ မရှိအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီးနောက် တောင်သူ၏ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သည့် ကျေးရွာပေါင်း(၇)ရွာအား တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစုဖြစ်သောမျိုးနှင့်မြေဩဇာများကို သီးနှံပေါ်ပေးသည့်စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး မိုးညှင်းမြို့နယ်အတွင်း တောင်သူ စုစုပေါင်း(၇၇၄)ဦး၊ စိုက်ဧက(၂၂၅၀)ဧကအတွက် ပံ့ပိုးငွေစုစုပေါင်း ငွေကျပ်သိန်း(၄၂၀၀)နှင့်ညီမျှသည့် သွင်းအားစုများကို ယခုဘဏ္ဍာရေးနှစ်တွင် ပံ့ပိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရွှေမိုးညှင်း