ပူတာအိုမြို့နယ် မူလာအွန်ကျေးရွာ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး ဟောပြော

ပူတာအို ဖေဖော်ဝါရီ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တောမီးနှင့်အခြားမီးများလောင်ကျွမ်းခြင်းအား ကာကွယ်ထိန်းချုပ်နိုင်ရန်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာကို စောင့်ကြပ်ကြည့်ရှုနိုင်ရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကချင်ပြည်နယ်ကြားဒေသများတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချနိုင်ရန်၊ သဘာတပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိခိုက်မှုမရှိစေရန်၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၉)နာရီက ပူတာအိုမြို့နယ်၊ မူလာအွန်ကျေးရွာ ချမ်းသာခန်းမ၌ ဟောပြောသည်။

ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ သဘာဝအလျောက် မီးလောင်ကျွမ်းခြင်းများ၊ မီးခိုမြူငွေ့များ ညစ်ညမ်းမှုများ၏ ဆိုးကျိုးများ၊ အချိန်အခါမလပ် သတိထားရမည့် မီးဘေးအန္တရာယ်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးအတွက် ဆောင်ရွက်သင့်သော လုပ်ငန်းများအကြောင်းကို အကျယ်တဝင့်အသိပညာပေးဟော ပြောသည်။

အဆိုပါဟောပြောပွဲသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မူလာအွန်ကျေးရွာမှ ပြည်သူများ၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း တက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို