ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဇီးလွန်မျိုးသန့်ခြံအတွင်း တောင်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းမြန်သည့် ပီလောပီနံ စမ်းသပ်စိုက်ခင်း ကြည့်ရှုစစ်ဆေး၊ ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးနှင့် သီးနှံအထွက်နှုန်းတိုးပွားရေး၊ ဒေသနှင့်ကိုက်ညီ၍ အကျိုးဖြစ်ထွန်းမြန်စေသည့် မျိုးကောင်းမျိုးသန့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ ဇီးလွန်မျိုးသန့်ခြံသို့ သွားရောက်ပြီး ပီလောပီနံစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇီးလွန်မျိုးသန့်ခြံဝင်းအတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ယူနန်ပေါင်ဆန်းဟိန်ယိကုမ္ပဏီတို့ပူးပေါင်း၍ စမ်းသပ်စိုက်ပျိုးထားခဲ့သည့် ပီလောပီနံ စမ်းသပ်စိုက်ဧက ၅ ဧကအား ပီလောပီနံပင်များ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ပီလောပီနံဥများ တူးဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးကွက်ဝင် ပီလောပီနံ ဥများ တူးဖော်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဈေးကွက်တင်ပို့သွားမည့်အခြေအနေများနှင့် တစ်ဧကအထွက်နှုန်းအပေါ် အကျိုးအမြတ်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပီလောပီနံသည် ပြည်တွင်း/ ပြည်ပဈေး ကွက်ခိုင်မာပြီးဒေသတွင်း စိုက်ပျိုးရေးကုန်ကြမ်းမှ စက်မှုကုန်ချောလုပ်ငန်း အထိပါ ထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးနည်းပညာနှင့် ထုတ်လုပ်မှုအရင်းအနှီး ပံ့ပိုးပေးနိုင်ပါက တောင်သူအကျိုးစီးပွားဖြစ်ထွန်းမှု မြန်ဆန်စေမည့်အပြင် အောင်မြင်ရန် အလားအလာရှိ နေသည့် စိုက်ပျိုးရေးသီးနှံဖြစ်ခြင်းကြောင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အကျိုးတူစနစ်ဖြင့် ပူးပေါင်းစိုက်ပျိုး နိုင်ရေး တောင်သူများအား ဆက်သွယ်စည်းရုံးဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားခဲ့ပြီး ခြံဝင်း အတွင်း ဖူးစားပြောင်းများ ဖြစ်ထွန်းအောင်မြင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အဖွဲ့ဝင်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုး‌မြေများကို အခြားနည်းအသုံးပြုနိုင်ရေး လျှောက်ထားတင်ပြလာမှုများနှင့် မြေယာကိစ္စအငြင်းပွားမှု ဖြစ်စဉ်များအပေါ် ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေး ကြရေး၊ အထူးသဖြင့် စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လယ်မြေများ‌ကို လျော့နည်းမှုမရှိစေရေး၊ အခြားနည်းအသုံးပြုခြင်း၊ ကျူးကျော်ခြင်းများမရှိစေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်သွားရမည့် လုပ်ငန်းစာတွဲများနှင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေယာလုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ လုပ်ငန်းစာတွဲတစ်ခုခြင်းအလိုက် ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများအလိုက် တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစာတွဲများအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)