ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကုတင် - ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ကုတင် - ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာဆောင်၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ထိုသို့ သွားရောက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဆေးရုံကြီး(၃)ထပ်လူနာဆောင်ရှိ ခွဲစိတ်ကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသော လူနာ(၇၀)ကျော်တို့အား လိုက်လံတွေ့ဆုံအားပေးခဲ့ကြပြီး လူနာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးအတွက် ချီးမြှင့်ငွေကျပ်သိန်း ၁၀၀၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းသို့ သွားရောက်ခဲ့ကြပြီး အပန်းဖြေစခန်းအတွင်း လာမည့် ၂၀၂၅ ခုနှစ်၊ (၃)လပိုင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် MSME ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ဆိုင်ခန်းများ သတ်မှတ်နေရာချထားနိုင်ရေးနှင့် ခင်းကျင်းဆောင်ရွက်သွားမည့် အသေးစိတ်မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကမ်းနားတစ်လျှောက် သဲသောင်ခုံပေါ်တွင် ပြည်နယ်အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာပန်းခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလမောင် (၇၀)ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုကာယဗလ အားကစားသမား၏ ပြိုင်ပွဲဝင် သရုပ်ပြပွဲအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ပြီး ပြိုင်ပွဲဝင်မည့် ကာယဗလအားကစားသမား မောင်မောင်ဆိုင်း၏ ပြိုင်ပွဲဝင်မည့် သရုပ်ပြပုံစံဖြင့် ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကာယဗလပြိုင်ပွဲဝင်များအား လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည့် နည်းပြဦးစိန်မြင့်ဇော် (ကချင်ပြည်နယ် လက်ရွေးစင် ကာယဗလအားကစားသမား)က ပြိုင်ပွဲဝင်ရောက်နိုင်ရေး ရန်ကုန်မြို့တွင် သွားရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များနှင့် လေ့ကျင့်ဆောင်ရွက်နေမှု အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊  တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ကြိုတင်စခန်းသွင်းလေ့ကျင့်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကာယဗလအားကစားသမားများအား စခန်းသွင်းလေ့ကျင့်၍ ရွှေတံဆိပ်ဆု မျှော်မှန်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အားကစားသမား (၂)ဦး၏ ပြိုင်ပွဲဝင်ပုံစံဖြင့် သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ပြည်နယ်ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအား စိတ်ဓာတ်ခွန်အားနှင့် လိုအပ်သည်များပံ့ပိုးပေးနိုင်ရေး သရုပ်ပြသခြင်းဖြစ်သည့်အတွက် အခြေခံလိုအပ်ချက်ကစ၍ ကူညီဖြည့်ဆည်းပေးနိုင်‌ရေးနှင့် ပြိုင်ပွဲများတွင်အောင်မြင်မှုရရှိပြီး ပြည်နယ်နှင့်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ဖြစ်လာစေရေး အလေးအနက်ထား ကြိုးစားယှဉ်ပြိုင်သွားရန်လိုကြောင်း အားပေးဂုဏ်ပြုပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရန်ကုန်မြို့တွင် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ စခန်းသွင်းလေ့ကျင့်သွားမည့် အားကစားသမား (၂)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀ သိန်းနှင့် နည်းပြအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်(၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားခရိုင် သဘာဝဘေး(ရေဘေး) ကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သိန်းအောင်က မြစ်ကြီးနားခရိုင်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်ကြောင့် ရေဘေးဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည့် အခြေအနေပေါ် သုံးသပ်ဖြည့်စွက်၍ ‌မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်လာပါက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် ကြိုတင်စီမံဆောင်ရွက်ထားရမည့် လူထုအသိပညာပေးရေးလုပ်ငန်းနှင့် နှိုးဆော်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စနစ်တကျစုဖွဲ့ဆောင်ရွက်သွားမည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအပေါ် ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အသုံးပြုရမည့် ဆက်စပ်သည့် ပစ္စည်းကိရိယာများ စုံလွင်စွာ ဝယ်ယူစုဆောင်းထားရှိရေး၊ အချင်းချင်း အချိတ်အဆက်မိမိ၊ စည်းလုံးညီညွတ်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံံ့ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျစုဖွဲ့လေ့ကျင့်ထား‌‌ရေးနှင့် ကြိုတင်အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ထားနိုင်ရေး၊ မြစ်ကြီးနားခရိုင်တစ်ခုထဲသာမက ပြည်နယ်တစ်ခုလုံးရှိ မြို့နယ်များအလိုက် ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)