ဟားခါး မတ် ၁
(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများ၊ စစ်ဗျူဟာ(အခြေချ)ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအကအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ဂုဏ်ပြုမိတ်ဆုံစားပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ( ၇၇ )နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်နာယကအဖွဲ့၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီ(၁၈)ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာကော်မတီအလိုက် အစည်း အဝေး ( ၅ ) ကြိမ်၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ ( ၂ ) ကြိမ် ပြုလုပ်ခဲ့ ပါကြောင်း၊ ထိုသို့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် ပြခန်း (၁၄) ခန်းကိုပါ ခင်းကျင်းပြသနိုင်ခဲ့ပါကြောင်း၊ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ လာရောက်ချီးမြှင့်ပေးကြသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့် အဖွဲ့အပါအဝင် ဧည့်သည်တော်များ ပျော်ရွှင်ကျေနပ်ချီးကျူး အသိအမှတ်ပြုခဲ့ပါကြောင်း၊ ယခုကဲ့သို့အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် တာဝန်ပေးအပ်ခြင်း ခံရသူများအားလုံး၏ စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံး ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီးကျူးဂုဏ်ပြု၊ ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ချင်းပြည်နယ်အတွက် ထောက်ပံ့သည့် လက်ဆောင် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ ပေးအပ်သော အခြေခံစားသောက်ကုန်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပေးအပ်ပြီး ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ညွှန်ကြားရေးမှူးကလည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနက ပေးအပ်သော MRTV DTH စလောင်းနှင့် DVB T2 Set Top Box များကို အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်းက ပေးအပ်ပြီး ပြည်နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန်များကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကပေးအပ်ရာ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကပေးအပ်ရာ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သော အခြေခံစားသောက်ကုန်များကို သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကပေးအပ်ရာ ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူးရုံးမှ ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ပေးအပ်သော အားကစားပစ္စည်းများကို လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကပေးအပ်ရာ အားကစားနှင့်ကာယညာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း လက်ခံရယူကြသည်။
ယင်းနောက် ဂုဏ်ပြုညနေစာ ဘူဖေး(Buffet)ဖြင့် အတူတကွ သုံးဆောင်ကြပြီး ဂုဏ်ပြုညနေစာ သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုအကအဖွဲ့များက ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ့်ခန့်လွင်တို့က ယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန် /ဆက် )