မြစ်ကြီးနား မတ် ၂
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပြင် သီးထပ်စိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ဆီထွက်သီးနှံများတိုးမြှင့်စိုက်ပျိုးနိုင်ရေး ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နောင်မွန်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှ နောင်မွန်မြို့သို့ မော်တော်ယာဉ်ဖြင့်သွားရောက်ခဲ့ကြပြီး ရှေးဦးစွာ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအတွင်းရှိ (၂၁)မိုင် View Point ၌ ဒေသတွင်း နာမည်ကျော်နေရာတစ်ခုဖြစ်သည့် တိမ်ပင်လယ်ဖြစ်ထွန်းနေမှုနှင့် တောတောင်ရေမြေသဘာဝအလှများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် နောင်မွန်မြို့နယ် ရပ်ဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရင်းနှီးမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် ဒေသဝက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တောင်သူ ဦးခေါင်လန်ရော်ဘင်၏ ခြံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါ ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် မုန်ညှင်းဆီကြိတ်စက်တည်ထောင်ထားရှိမှုနှင့် ဆီမုန်ညှင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာလုပ်ငန်းစီမံကိန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပြင် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေးနှင့် မွေးမြူရေးလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးလိုအပ်သည့် သွင်းအားစုများနှင့် ရင်းနှီးမတည်ငွေများကို ပံ့ပိုးကူညီပေးနိုင်ရေးလာရောက်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများတင်ပြသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၆ အိမ်ထောင်စုနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ မီးလင်းရေးအတွက် မီးစက်တည်ထောင်ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝက်မွေးမြူရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ရင်းနှီးမတည်ငွေကျပ် သိန်း ၅၀ ကို လည်းကောင်း၊ ဆီထွက်သီးနှံ ဆီမုန်ညှင်းတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရင်းနှီးမတည်ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ ၂ စုံကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နောင်မွန်မြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကဆန်ချောင်းတစ်ဖက် ကမ်းရှိ နမ်ဘက်ကွင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် ပူတာအိုဒေသတွင် ဖြစ်ထွန်းအောင်မြင်သည့် အလေချီ (ခေါ်) ချဉ်ပေါင်ဖာလာပင်စိုက်ခင်း (၁ ဒဿမ ၅)ဧကစိုက်ခင်းနှင့် ထပ်မံတိုးချဲ့စိုက်ပျိုးသော (၂ ဒဿမ ၅)ဧကအတွင်း အလေချီသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေမှုနှင့် အပင်ပေါက်များ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလေချီ ဈေးကွက်ရရှိမှုနှင့် စီးပွားဖြစ်ထွန်းမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ စိုက်ခင်းဧရိယာတစ်ခုလုံး ခြံစည်းရိုးကာရံနိုင်ရေး ရင်းနှီးမတည်ငွေကျပ်သိန်း ၂၀ ကို ပံ့ပိုးပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် အဆိုပါ ရပ်ကွက် (၂)အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် မြို့မတောင်ကွင်း၌ တောင်သူ ဦးဒဂင်နမ်ဆင်ရမ်၏ လယ်၌ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါးစိုက်ရိုးပြတ်ကျန်လယ်အတွင်း မြေသြဇာမြေဆီမြေနှစ်ပိုမိုကောင်းမွန်ရေး တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲသို့ တက်ရောက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ၏ လယ်အတွင်း ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်မှုကို ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် အဆိုပါကွင်းအတွင်း တောင်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးအတွက် တောင်သူအကျိုးဖြစ်ထွန်းစေရေး တစ်နှစ်လျှင် နှစ်သီးမှသုံးသီးအထိ တိုးချဲ့စိုက်ပျိုးလာနိုင်ရေး လိုအပ်သည့် သွင်းအားစု၊ နည်းပညာနှင့် ရင်းနှီးမတည်ငွေများ ပံ့ပိုးပေးသွားနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး တောင်သူများက ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေလိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့အိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ရွက်ဖျန်းမြေသြဇာအိတ်များကိုလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့နိုင်ရေး ရင်းနှီးမတည်ငွေကျပ် ၁၂ သိန်းနှင့် ဝက်မွေးမြူရေး လုပ်ငန်းအတွက် ရင်းနှီးမတည်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်မွန်မြို့ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ကြပြီး ဆေးရုံဝင်းအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ၁၁၀၀၀ စတုရန်းပေရှိ (၂)ထပ် တိုးချဲ့လူနာဆောင်သစ်တည် ဆောက်ရေးလုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား လိုက်လံတွေ့ဆုံအားပေးခဲ့ကြကာ ဆေးရုံစရိတ်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း(နောင်မွန်)၌ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိဘ/ဆရာတို့၏ စေတနာကိုအလေးထားပြီး အောင်မြင်အောင်ကြိုးစားကြရေး အားပေးပြောကြားသည်။
ထို့နောက် သင်ကြားရေး ဆရာ/ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ စခန်းသွင်း ကျောင်းသား/ကျောင်းသူများ၏ အာဟာရဒါနအတွက် ငွေကျပ်သိန်း ၂၀ နှင့် ကျောင်းအတွက် ဆိုလာ ၂ စုံတို့ကို အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းအုပ်ကြီး၏ သင်ကြားရေးဆိုင်ရာလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကာ ကျောင်းစာသင်ခန်းအတွင်း ကျောင်းသား/ ကျောင်းသူများအား အာဟာရဖြစ် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းကျွေးမွေးမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်