ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ပူတာအိုနှင့် မချမ်း‌ဘောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ GRADE-12 ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရကြေးနှင့်ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား မတ် ၂

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုတိုးတက်မြင့်မားလာစေ‌ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေ‌ဖော်ဝါရီ ၂၈ ရက်က ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက်အတွင်းရှိ ဟိုဖိုင်ကျေးရွာသို့သွားရောက်ခဲ့ကြပြီး ဒေသခံများအားရင်းရင်းနှီးနှီးတွေ့ဆုံကာ လေယာဉ်ကွင်း၊ လုံးစွတ်၊ ပန်းလှိုင်စသည့် ရပ်ကွက်များအတွင်းရှိ မိုးစပါးစိုက်လယ်များအတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး နမ့်ထွမ်ချောင်းရေအား ပင့်တင်၍ အရှည် ၁၂၀ ရှိ ရေလွှဲဆည်တည်ဆောက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုအပေါ် မိုးမကျမီကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရေလွှဲဆည်တည်ဆောက်သွားမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအရှေ့ဘက်ရှိ စိုက်ပျိုးဆောင်ရွက်ခြင်းမရှိသည့် မြေလွတ်/ မြေရိုင်း ဧက ၁၀၀ ခန့်အား စနစ်တကျထုတ်ဖော်ရှင်းလင်း၍ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်‌ရေး ကျေးရွာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများအကြားပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒုတ္ထန်ရပ်ကွက်အတွင်း စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာ (၂၅) ဧက၌ နှစ်ရှည်သီးနှံ ကိုင်းကူးသစ်သီးပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောရှောက်ရိုင်းပင်များ ပြုစုပျိုးထောင်စိုက်ပျိုးထားရှိမှုအပေါ် လျှပ်စစ်မီးသွယ်တန်း၍ စိုက်ပျိုးရေလုံလောက်စွာရရှိရေး စက်ရေတွင်းအသစ်များ တူးဖော်ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် မလိဒီကျေးရွာသို့ သွားရောက်ခဲ့ကြပြီး အဆိုပါကျေးရွာအတွင်း နမ့်ပလပ်ချောင်းနှင့် မလိခမြစ်ပေါင်းစုံရာနေရာ၌ အရညဝါသီမိုင်းဖုန်းဆရာတော်ဦးဆောင်၍ တည်ထားတော်မူသော ရတနာမာရ်အောင် မင်္ဂလာစုန့်မိန်းစေတီတော် ရွှေထီးတော်၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်အထွက်တင်လှူပူဇော်ပွဲသို့ တက်ရောက်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများဦးဆောင်၍ တိုင်းခမ်းတီရှမ်းတိုင်းရင်းသားမျိုးနွယ်စုများနှင့်အတူ ရွှေထီးတော်အဆင့်ဆင့်၊ ငှက်မြက်နားတော်နှင့် စိန်ဖူးတော်တို့အားပင့်ဆောင်တော်မူကြပြီး စေတီတော်အား လက်ယာရစ် (၃)ကြိမ်ပတ်၍ ဆုတောင်းမေတ္တာပို့သပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ရွှေထီးတော်၊ ငှက်မြက်နားတော်နှင့် စိန်ဖူး‌တော်တို့ကို တိုင်းခမ်းတီရှမ်းတိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ဘုန်းတော်ကြီးများကဦးဆောင်၍ စေတီတော်အထွဋ်တင်လှူ ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်တည်ထားကိုးကွယ်တော်မူသော မလိခမြစ်နှင့်နမ့်ပလပ်ချောင်းဆုံနေရာတွင် ကမ်းပါးရေတိုက်စားမှုမှကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်စီမြေထိန်းတမံတည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကာ မြေပြင်အခြေအနေကွင်းဆင်းတိုင်းတာစစ်ဆေး၍ စနစ်တကျတွက်ချက်တင်ပြနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။   

ယင်း‌နောက် ပူတာအိုမြို့နယ်၊ မကပ်မုန်ကျေးရွာအုပ်စု၊ နန်ဒင်ကျေးရွာအတွင်း  မလိခမြစ်အတွင်း ပုဂ္ဂလိကပိုင် သဲကျောက်ထုတ်လုပ်နိုင်ရေး လုပ်ငန်းလိုင်စင်လျှောက်ထားတင်ပြမှုအပေါ် ခွင့်ပြုချထားပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ခဲ့ကြကာ စေတီတော်အား ပန်း၊ ဆီမီး ရေချမ်းကပ်လှူပူဇော်ခဲ့ကြပြီး မလိခမြစ်အတွင်း နဂါးစာများ လှူဒါန်းခြင်း၊ စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် လက်ယာရစ်ပတ် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ခန်ဂျိုကျေးရွာအတွင်းရှိ ခရစ်တော် ၏အသင်းတော်(COC) ဘုရားကျောင်း၌ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံပြီး အဆိုပါကျေးရွာအတွင်း ရှေး‌ဟောင်းသမိုင်းဝင် နွိုင်ဖလားဘုရားလောင်း ရွှေဥဒေါင်းမင်းစေတီတော် ဝတ္တကမြေအား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ နယ်မြေဒေသအဖြစ် သတ်မှတ်နိုင်ရေး နှစ်ဖက်ဘာသာရေးအသင်းအဖွဲ့များအကြား ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး ယနေ့အသင်းတော်ဘုရားကျောင်း သွားလမ်း၊ ကျောက်စီမြေထိန်းနံရံနှင့် လှေကားထစ်၊ Box Culvert ပြုလုပ်ခြင်းတို့အတွက်အလှူငွေများ ထပ်မံလှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့မှစ၍ နှစ်ဖက်ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဒေသအကျိုးကို အတူတကွပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ခရစ်တော်၏ အသင်းတော်ဘုရားကျောင်းဝင်းအတွင်း ဘုရားကျောင်းသွား လှေကားထစ်ပြုလုပ်ခြင်း၊ ကျောက်စီမြေထိန်းနံရံ၊ Box Culvert တစ်စင်းပြုပြင် ဆောက်လုပ်ခြင်းနှင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းအတွက် ရန်ပုံငွေကျပ် ၇၄ ဒဿမ ၁၁၄ သန်း အား ဘုရားကျောင်းတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မိုးမကျမီ စောလျင်စွာ ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြားခဲ့ပြီး ဒေသခံများကိုယ်တိုင် လုပ်အားပါဝင်မှုဖြင့် သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် နမ်ခမ်ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် စီးပွားဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် မွေးမြူရေးတောင်သူ ဦးဖေရမ်နော်အွန်း၏ ခြံသို့သွားရောက်ပြီး ဒေသခံများ၏ ရင်းရင်းနှီးနှီးကြိုဆိုမှုနှင့် ရဝမ်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကိုပေးအပ်ကာ ခြံဝင်းအတွင်း ငါးကန်များ၌ ငါးများမွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် နမ်ခမ်ချောင်းစီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချောင်းရိုးတလျှောက် တရားမဝင်တူးဖော်ခြင်းများနှင့် ကျူးကျော်မှုများမဖြစ်ပေါ်စေရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကျေးရွာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအကြားပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မချမ်းဘောမြို့ ဂူဘားရိပ်သာသို့ရောက်ရှိပြီး ဂူဘားရိပ်သာ၌ အမှတ်(၃) ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးး ရန်ပုံငွေဖြင့် အလေချီ(ခေါ်)ချဉ်ပေါင်ဖလာပင်များ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးမရိန်ဖိအတွက် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ တစ်စုံကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး ပူတာအိုမြို့နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးဆောင်ရွက်ပေးခဲ့သည့် ဇီဒမ်း(၂)ကျေးရွာ၌  ကျေးရွာနေမိသားစုများ စီးပွားရေးအဆင်ပြေစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ထည်ထောင်ပေးခဲ့သော ဆွတ်ကြိမ်မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယအသင်းလီမိတက်ပိုင် တောင်သူ ဦးကဆာဘောလု၏ခြံ၌ ဝက်များမွေးမြူထားရှိမှုကိုကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကအခမဲ့ပေးအပ်သည့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ခြံဖျန်းပိုးသတ်ဆေးများ၊ ဖြည့်စွက်အစာအိတ်များကို ပေးအပ်ခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ မြို့မရပ်ကွက်၊ ဖုန်ကန် ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) ဖြေဆိုနိုင်ရေး အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)၌ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား အာဟာရဒါနကျွေးမွေးခြင်းနှင့် အားပေးစကားပြောကြားခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများအား အားပေးအမှာစကားပြောကြားသည်။

ဆက်လက်၍ Grade-12 ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာတေးသရုပ် ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက Grade-12 ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် သိန်း ၄၀ အားလည်းကောင်း၊ သင်ကြားရေး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် သိန်း ၂၀ အားလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား အာဟာရဒါနအဖြစ် ကွေကာအုပ်နှင့် မုန့်များ ဒါနပြုကျွေးမွေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ခရိုင်ပြည်သူ့ဆေးရုံ ကုသဆောင်သစ်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးအမှာစကားပြောကြားပြီး ကုသရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးကာ ဆေးရုံအတွက် ဆေးဝါးပစ္စည်းများနှင့်သမားတော်၊ အထူးကုဆရာဝန်များအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ သူနာပြုဆရာမများအတွက် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသောလူနာများအား လိုက်လံတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်