မိုးညှင်းမြို့၌ (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးညှင်း မတ် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က ဖတ်ကြားသည်။

ဆက်လက်၍ မိုးညှင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ ဆီထွက်သီးနှံဖြစ်သော နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြသည့် နန့်လှိုင်ကျေးရွာမှ တောင်သူ ဦးမြအောင်နှင့် ပင်းဟဲကျေးရွာမှ တောင်သူ ဦးကျော်လင်းဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဂုဏ်ပြု မှတ်တမ်းလွှာအား ပေးအပ်သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အင်ကြင်းကုန်းကျေးရွာနှင့် နန့်လှိုင်ကျေးရွာတို့မှ တောင်သူများအား ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ကြပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က အင်ကြင်းကုန်းကျေးရွာမှ ဦးထွန်းကျော်ပါ တောင်သူ (၅) ဦးတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဆိုလာစနစ်သုံး ရေတင်စက်ကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဆီထွက်သီးနှံများဖြစ်ကြသော မြေပဲ၊ နှမ်း၊ နေကြာနှင့် မုန်ညင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများထံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။ 

ရွှေမိုးညှင်း