မိုးညှင်းမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် တောင်သူများနှင့် အသိပညာပေးဆွေးနွေး

မိုးညှင်း မတ် ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်သူများနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက တောင်သူများအား အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်နှင့် ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် မုန်ညင်းစသည့် သီးနှံများအား စိုက်ပျိုးရာ၌ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာများ၊ စိုက်ပျိုးပုံနည်းစနစ်များနှင့် မြေပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများ စသည်တို့ကို ဆွေးနွေးပြောကြားပြီးနောက် မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာမှ စိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းခဲ့သည့် ဆုရတောင်သူ ဦးမြအောင်က သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် အခြားတောင်သူများအား ပြန်လှန်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းနိုင်မင်းက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးလွင်က တောင်သူလယ်သများအား သမဝါယမလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစုဖြစ်သောမျိုးနှင့် မြေဩဇာများကို သီးနှံပေါ်ပေးသည့်စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားကြပြီး တောင်သူများမှလည်း သိရှိလိုသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အသီးသီးဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)