ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို မတ်

မြန်မာပြည်မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင်၊ နောင်မွန်မြို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နောင်မွန်မြို့နယ်ထန်ထုကျေးရွာအတွင်းရှိ ဦးခေါင်လန်အိမ်ရမ်၏ ခြံ၌မိသားစုတစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ သည့်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးကန်တိုးချဲ့၍ ငါးကောင်ရေ ထပ်မံစိုက်ထည့် မွေးမြူနိုင်ရေးအတွက်လုပ်ငန်းများ စနစ်တကျဖြစ်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ငါးကန်တိုးချဲ့နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှ ရင်းနှီးမတည်ငွေအဖြစ် ငွေကျပ်သိန်း ၂၀ ကိုပေးအပ်ခဲ့သည်။

ထို့နောက် နောင်မွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ဒေါ်ရခွီခေါ်ဇီ၏အိမ်၌ မိသားစုတစ်ပိုင်တစ်နိုင် ဒေသဝက်များ မွေးမြူထားရှိမှုနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသဝက်များ တိုးချဲ့မွေးမြူနိုင်ရေးနှင့် ကာကွယ်ဆေးများ ထိုးနှံ ပေးနိုင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အိမ်ရှင်များအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် မွေးမြူရေးအထောက်အကူပြုဆေးဝါး ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွက် ငွေကျပ် ၁၀ သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့အတွက် ငွေကျပ် ၁၀ သိန်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့များအတွက် ငွေကျပ်သိန်း ၂၀ နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် နောင်မွန်မြို့ အမှတ်(၁)ရပ်ကွက် မြို့မတောင်ကွင်းအတွင်းရှိ တောင်သူ ဦးထုန်ဖူးဖုန်၏ မိုးစပါးရိတ်သိမ်းပြီးရိုးပြတ်ကျန်လယ်၌ ဆီမုန်ညှင်း (၂)ဧက စိုက်ပျိုးထားရှိမှုအပေါ် ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လာမည့်နှစ်များအတွင်း ဆီမုန်ညှင်းကို စောလျင်စွာစိုက်ပျိုးနိုင်ရေးနှင့် စိုက်ဧကတိုးချဲ့ နိုင်ရေး လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ခြံဝင်း ကာရံနိုင်ရေးအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် နောင်မွန်မြို့မှ ပူတာအိုသို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီနှင့် ခရိုင်ပိုက်ကျော်ခြင်းဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နောက်ဆုံးဖိုင်နယ် ပွဲစဉ်ကို ဌာနဆိုင်ရာများ၊ ဒေသခံအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဆုရရှိသော ကစားသမားအား ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်းက ဂုဏ်ပြု ချီးမြှင့်ငွေများကိုလည်းကောင်း၊ တတိယဆုရရှိသည့်အသင်းအား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးကလည်းကောင်း၊ ဒုတိယဆုရရှိသောအသင်းအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်ကလည်းကောင်း၊ ပထမဆုရရှိသောအသင်းအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ခရိုင်ဘောလုံးကွင်းအတွင်း ၂၀၂၅ ခုနှစ်၊ မူးယစ်ကင်းစင်တို့လက်များ စုပေါင်း မိတ်သဟာယ (ပထမအကြိမ်) အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင် ဘောလုံးအသင်း (၈)သင်းတို့က နိုင်ငံတော်အလံပြုကြပြီး အားကစားသစ္စာအဓိဋ္ဌာန်ရွတ် ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များအနေဖြင့် အားကစားကို ဝါသနာပါပြီး ကိုယ်တိုင် လိုက်စားပါဝင်ခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကင်းစင်ပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များ၊ စာရိတ္တကောင်းမွန်သော လူတော်လူကောင်းများဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယနေ့မူးယစ် ဆေးဝါးအန္တရာယ်ကို ရင်ဆိုင်ရာတွင်လည်း လူငယ်များအနေဖြင့် အားကစားကို ပါဝင်ခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ပြီး လူမှုပတ်ဝန်းကျင်တွင် အကျိုးပြုသော လူငယ်များဖြစ်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြိုင်ပွဲကျင်းပရေး ကော်တီတာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ရာ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးငွါးအားတီက ဘောလုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် များနှင့် စုပေါင်းမိတ်သဟာယအစီအစဉ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသားလူငယ်များ၏ Fitness Dance ၊ တိုင်းရင်းသား ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် ကောင်းသောရှမာရိအသင်းနှင့် Hope FC အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း မိုးစပါးစိုက်ဧကပေါင်း ၃၂၀ ဧကအား အကျိုးပြုစေသည့် လုံးစွတ်ချောင်းပေါ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော နတ်ကန်တုံ ရေလွှဲဆည်သို့ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ရေလွှဲဆည်ဖွင့်ပွဲအခမ်းအနားတွင် ဌာနေ တိုင်းရင်းသားများဖြစ်ကြသည့် ရဝမ်၊ လီဆူ၊ တိုင်းခမ်းတီ၊ ဂျိမ်းဖောတိုင်းရင်းသားများ၏ အကအလှ များဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ရေလွှဲဆည်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပူတာအိုအခြေချ စစ်ဗျူဟာမှူး၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖဦးယောရှုတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ရေလွှဲဆည်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အနေဖြင့် ဆန်စပါးဖူလုံမှုရှိပြီ ဖြစ်သော်လည်း ဆီဖူလုံမှုနှင့် သားငါးစားသုံးမှုဖူလုံမှုရှိ စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ မိုးစပါးရိတ်သိမ်းအပြီး ရိုးပြတ်ကျန်လယ်များတွင် တစ်နှစ်လျင် နှစ်သီးမှသုံးသီးအထိ သီးထပ်စိုက်စွမ်းအား တိုးမြှင့်နိုင်ရေး အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံ ဆီမုန်ညှင်းများကို ရိုးပြတ်ကျန်လယ်များ တွင် စိုက်ပျိုးနိုင်ရေး ကြိုးစားကြရမည်ဖြစ်သည့်အပြင် လိုအပ်သည့် စိုက်ပျိုးရေရရှိရေး၊ မျိုး ကောင်းမျိုးသန့်အပါအဝင် သွင်းအားစုများအားလုံး ပံ့ပိုးပေးနိုင်ရေးနှင့် ရင်းနှီးမတည်ငွေ လိုအပ် ချက်များကိုလည်း မဖြစ်မနေ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စားဆီစားသုံးမှုဖူလုံစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံ တောင်သူများအားလုံးက ဝိုင်းဝန်းကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နတ်ကန်တုံတည်ဆောက်ခဲ့မှု အခြေအနေများနှင့် လုံးစွတ်ချောင်းပေါ်တွင် လယ်ဧကပေါင်း ၃၀၀၀ ကျော်အတွက် မိုးစပါးအောင်ရေ ရရှိရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေးတို့အတွက် ရေလွှဲဆည် များ တည်ဆောက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပန်းမနောအကကို စုပေါင်းဆင်နွှဲခဲ့ကြပြီး ရေလွှဲဆည်သစ်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)