မိုးနဲ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၊ ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကမ္ဘေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးနဲမြို့ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်နှင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်တို့က (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လျာထားချက်များ ရေးဆွဲခြင်း၊ အဆိုပြုချက်ခြင်းနှင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ စိစစ်အတည်ပြုခြင်းနှင့် စပ်လျဉ်း၍ အသီးသီး အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဘဏ္ဍာနှစ်အလိုက် ဌာနဆိုင်ရာနှင့်ရပ်ကွက်များ၏ ဘတ်ဂျက်ခွဲဝေခွင့်ပြုမှုအရ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထား/ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံကိန်းဦးစီးမှူး တို့က ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မိုးနဲမြို့ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးကျော်သူရနှင့် မြို့နယ် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ/မြို့ဖများ တက်ရောက် ခဲ့ကြသည်။
မျိုးညွန့်ရွှေ(မိုးနဲ)