ပူတာအို မတ် ၅
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက် စွမ်းအားတိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ အထက်ဆန်ဂေါင်- လုံနဒမ်း-ဇီးယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့် မြို့နယ်အတွင်းရှိ အောက်ဆန်ဂေါင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ရင်းနှီးမတည်ငွေကျပ် (၃၅)သိန်း ပံ့ပိုးပေးမှုဖြင့် တောင်သူဦးခေါင်ခင်၏ လယ်(၅)ဧကအတွင်း ဆီမုန်ညှင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆည်ရေ သောက်စနစ်များနှင့် ကျေးရွာဘောလုံးကွင်း ပြုပြင်ပေးနိုင်ရေး စသည့် လိုအပ်ချက်များ တင်ပြ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လယ်သီးထပ်ဆီမုန်းညှင်းစိုက်ဧက တိုးချဲ့နိုင်ရေး၊ ခြံဝင်းကာရံ ပေးနိုင်ရေးတို့အတွက် ချီးမြှင့်ငွေများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လယ်ကွင်းဘေးရှိ ဆန်ဂေါင်ချောင်းရေ တိုက်စားမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းနံရံတည်ဆောက် ပေးနိုင်ရေးနှင့် လယ်ကြားရေသွင်းမြောင်းများ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြ ကာ ကျေးရွာဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဘောလုံးကွင်း ပြုပြင်ပေးနိုင်ရေး အတွက် ရန်ပုံငွေအဖြစ် ငွေကျပ် ၁၅ သိန်းကို ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (ကချင်ပြည် နယ်)က တာဝန်ယူ ဖောက်လုပ်လျက်ရှိသော လမ်းအရှည် (၂၆/၁)မိုင်(၄၂ ဒဿမ ၀၄၄) ကီလိုမီတာရှိ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း)ဖောက်လုပ်နေမှု အခြေအနေ အား အထက်ဆန်ဂေါင်မှတစ်ဆင့် တောင်တက်လမ်းအတိုင်း လမ်းတစ်လျှောက် လမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး (၆/၄)မိုင် (အမြင့်ပေ (၄၄၇၈)ရှိ ရှိန်းလိန်းချက်တောင်ထိပ်)ရှိ လမ်းဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင်စခန်းရုံး (View Point)သို့ ရောက်ရှိ အဆိုပါတောင်ထိပ်မှတစ်ဆင့် ပူတာအိုဒေသ၏ တောတောင်သဘာဝအလှများကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက် လုပ်ငန်းခွင်စခန်းရုံး ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးဦးက လမ်းလုပ်ငန်းစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် ရန်ပုံငွေရရှိမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အပိုင်းအလိုက် လမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ရမည့် လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် လမ်းစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ စက်ယန္တရားကြီး များဖြင့် မိုင်တိုင်အမှတ် (၈/၇) နှင့် မိုင်တိုင်အမှတ် (၉/၀)အကြား လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၉/၀) နှင့် (၁၀/၁)အတွင်း ၁၈ ပေ အကျယ်မှ ၃၄ အကျယ်အထိ မြေသားလမ်းဖောက်လုပ်ပြီးစီးမှုလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ လမ်းပိုင်းသည် ပူတာအိုဒေသ၏ နာမည်ကျော် ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီ ရေခဲတောင်များသို့ သွားလမ်းတစ်ခုဖြစ်သည့်အပြင် ကျေးရွာပေါင်း (၈)ရွာ၊ အိမ်ခြေ (၃၈၀)ကျော် တို့အား အကျိုးဖြစ်ထွန်းစေပြီး လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသတွင်း သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းခွင်စခန်းရုံး ရှင်းလင်းဆောင်၌ အဆိုပါ ရေခဲတောင်သွားလမ်းပေါ်ရှိ ဝါလိုင်ဒမ်း၊ လုံနဒမ်း၊ ခါးလန်၊ ဇီးယာဒမ်း၊ အဝပ်ဒမ်းကျေးရွာများမှ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူး များ၊ ဒေသခံများနှင့် တွေ့ဆုံပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ နိုင်ငံ့ စီးပွားမတည်ငွေဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေး နွေးခဲ့ကြပြီး ဒေသခံများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ် စက်ဝန်းဖြင့် ဒေသကြက်နှင့် ဝက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ကျေးရွာစီမံကိန်းများအတွက် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနက အခမဲ့ပေးအပ်သော မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများနှင့် ကြက် လိမ်ရောဂါကာကွယ်ဆေးများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိပြီး ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်း အတွင်း ကျင်းပပြုလုပ်သော နွေစပါးစမ်းသပ်စိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသအား ၂၀၂၁-၂၀၂၂ ခုနှစ်မှစတင်၍ ဒေသဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေသဝမ်းစာ ဆန် စပါးဖူလုံမှုသည် (၁၀၄ ဒဿမ ၆၀) ဖူလုံမှုရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသဝမ်းစာ ဖူလုံမှု ယခုထက် ပိုမိုတိုးတက်စေရေးနှင့် စားဆီဖူလုံမှုရှိစေရေးကိုလည်း ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အကျိုးဖြစ် ထွန်းစေသည့် ဆီမုန်ညှင်းများကို ယာ၊ တောင်ယာအားလုံးတွင် စိုက်ပျိုးရမည်ဖြစ်သည့်အပြင် မိုးစပါးရိတ်သိမ်းပြီး လယ်များတွင်လယ်သီးထပ်အဖြစ် တိုးချဲ့စိုက်ပျိုးလာမည်ဆိုပါက စားဆီလည်း
ဖူလုံလာမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ အခမဲ့ဖြန့်ဝေနိုင်ရေး စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံ တောင်သူများအတွက် ရွက်ဖျန်းမြေသြဇာအိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များနှင့် အစေ့ ထုတ်ပြောင်း မျိုးစေ့အိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လယ်ကွင်းအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ချမ်းမြေ့မေ)မျိုးစေ့များအား အစေ့ချစက်များဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးဆောင်ရွက်မှုများ ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တောင်သူများနှင့် တွေ့ဆုံပြီး ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှုအားပေးခဲ့ကြကာ တက်ရောက်လာသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)