မြစ်ကြီးနားမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ၂၀ မျိုး ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား/ကျောင်းသူ ၃၀၀၀ ကျော် တက်ရောက်လျက်ရှိ

မြစ်ကြီးနား မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်သည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ ဝါသနာပါရာ အားကစားနည်းများကို အခြေခံမှစ၍ စနစ်တကျသင်ကြားတက်မြောက်စေရန်နှင့် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြှင့်မားလာစေ‌ရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်း ၂၀ မျိုးကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားကွင်းများ၊ မိုးလုံလေးလုံ အားကစားကွင်းများနှင့် သတ်မှတ်နေရာအသီးသီးတွင် မတ်လ ၁ ရက်နေ့က စတင်ဖွင့်လှစ် ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ (၃၀၀၀) ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ဂျူဒို၊ ဝူရှူး၊ လက်ဝှေ့၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ပြေးခုန်ပစ်၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ရေးကူး၊ တင်းနစ်၊ ဘိလိယက်၊ ခြင်းလုံး၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်းနှင့် ရိုးရာလက်ဝှေ့ စသည့်အားကစားနည်းပေါင်း (၂၀) မျိုးကို နည်းပြအင်အား (၁၀၀) ဝန်းကျင်ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချ ပေးလျက်ရှိကြောင်း ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူထံမှ သိရသည်။

အဆိုပါ သင်တန်းများကို ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် အားကစားဆပ်ကော်မတီတို့ပူးပေါင်း၍ မတ်လ ၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းများတွင် အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)