လသာမြို့နယ်တွင် တရားမဝင်ဖုန်းဆင်းကတ်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

လသာ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် တရားမဝင်ဖုန်းဆင်းကတ်များ ရောင်းချမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်တရားမဝင်ဖုန်းဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဆင်းကတ်အရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆင်းကတ်အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များအပါအဝင် ဆင်းကတ်ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များ ဆင်းကတ်ရောင်းချခြင်းမပြုစေရေး၊ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့် ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင် (ပြန်/ဆက်)