ကချင်ပြည်နယ်ဝန်ကြီးချုပ် လမ်းလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၊ မူလာအွန်ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲသို့တက်ရောက်၊ မုန်ညှင်းဆီကြိတ်စက်များ တိုးချဲ့နိုင်ရေးကြည့်ရှုစစ်ဆေး

ပူတာအို မတ် ၇

မြန်မာပြည်မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံ ပိုလျှံစေရေးနှင့် စားသုံးဆီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၆ ရက်က ပူတာအိုလွင်ပြင်ပတ်လမ်း (၂၅)မိုင် လမ်းလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအို-လယ်မယ်ဝါဂျီ-နမ်ရှယ်ကော့ - မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း)သို့ သွားရောက်ပြီး မန်စေကျေးရွာ၌ နမ့်ပလပ် ချောင်းရေတိုက်စားမှုအပေါ် ကျောက်စီကမ်းထိန်းနံရံ တည်ဆောက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မန်စေကျေးရွာ၊ မန်စေကွင်းအတွင်းရှိ ဦးမလောင်ဒီးဆာရ်း၏ မိုးစပါးရိတ်သိမ်းအပြီး ရိုးပြတ်ကျန် လယ်မြေပေါ်တွင် လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်ညှင်း (၄)ဧကစိုက်ခင်းသို့ သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆီမုန်ညှင်းများ ဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများနှင့် ရိတ်သိမ်းချိန်အမီ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် လာမည့်နှစ်အတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး၊ ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ် သည့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လယ်ကွက်များ ဘေးဖြတ်သန်းစီးဆင်းနေသော ပါတိတ်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုလွင်ပြင်ပတ်လမ်း လမ်းအရှည် (၂၅)မိုင်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆထီလော်ကျေးရွာအတွင်းရှိ လမ်းစီမံကိန်း ရှင်းလင်းဆောင်နှင့် ကြီးကြပ်ရေးစခန်း၌ ကျေးလက် လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ လမ်းလုပ် ငန်းဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လွင်ပြင်ပတ်လမ်းသည် ကျေးရွာပေါင်း ၂၈ ရွာ၏ စိုက်ပျိုး သီးနှံများအတွက် ကုန်ထုတ်လမ်းတစ်ခုဖြစ်သည့်အပြင် ကျေးရွာများရှိ အိမ်ခြေ (၂၅၀၀)၊ လူဦးရေ (၁၁၀၀၀)ကျော်တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လမ်းလုပ်ငန်း များ စနစ်တကျဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လွင်ပြင်ပတ်လမ်းပေါ်ရှိ ဆထီလော်ကျေးရွာရှိ မြေလွတ်၊ မြေရိုင်းများတွင် မြေဆီလွှာ မြေနှစ်နည်းပါးမှုကြောင့် သီးနှံပင်များ စိုက်ပျိုးနိုင်ရေး မြေဆီလွှာ စမ်းသပ်စိုက်ထားသည့် ပန်းအာလူး ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သီးနှံတစ်မျိုးမှတစ်မျိုး စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းပါက တောင်သူအသိပညာပေးကာ တိုးချဲ့လုပ်ဆောင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် လွင်ပြင်ပတ်လမ်းမှတစ်ဆင့် ပမ္မတီး‌ကျေးရွာအုပ်စု၊ မလိခေါင်ကျေးရွာ၊ နမ့်ပလပ် ချောင်းဘေး၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရင်းနှီးမတည်ပေးမှုဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သော တောင်သူ ဦးသိန်းဝင်း၏ခြံသို့ သွားရောက်ရာ ဒေသခံလီဆူတိုင်းသားများက လီဆူရိုးရာအကအလှ များဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တောင်သူ ဦးသိန်းဝင်း၏ ခြံဝင်းအတွင်း စိုက်ပျိုးထားသည့် ဆီမုန်ညှင်းများ အသီးများ ရင့်မှည့်၍ အစေ့ထုတ်ယူနိုင်ရေး တောင်သူများ အစုအဖွဲ့အင်အားဖြင့် ရိတ်သိမ်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ခြံဝင်းအတွင်း ဖရဲစိုက်ခင်း စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် နှစ်ရှည်သီးနှံပင်များ ဖြစ်သည့် ဂရိတ်ဖုသီးပင်များ၊ ရှောက်သီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဆီမုန်ညှင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသခံ တောင်သူအစုအဖွဲ့ဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပံ့ပိုးကူညီမှုပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျူဗလီကျေးရွာအတွင်း Snow Land Star ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မလိဝမ်ပေါ် လေ့ကျင့်ရေးဂေါက်ကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဒေသခံတိုင်းရင်းသားလူငယ်များ ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ဂေါက်ကွင်းဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ကုမ္ပဏီမန်နေးဂျင်းဒါရိုက်တာ ဦးချန်းဂျောင်ဆားရ်က လေ့ကျင့်ရေးဂေါက်ကွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အဆင့်မီဂေါက်ကွင်းတည်ဆောက်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေမှ ပေးအပ်ချီးမြှင့်ခဲ့ကာ ဂေါက်ကွင်း အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီခိုးဘောလုံးကိုရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ် တရ စုပေါင်းဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဇီးအွန်ကျေးရွာအုပ်စု၊ မူလာအွန်ခေတ်မီစံပြကျေးရွာ၌ ကျေးရွာအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့်  တည်ဆောက်ပြီးစီးခဲ့သည့် မူလာမြေစာ ကြည့်တိုက်အဆောက်အအုံသစ် (၃၀ပေ- ၂၀ပေ) ဖွင့်ပွဲ အခမ်းအနားကို  ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာအကအလှများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး စာကြည့်တိုက်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ စာကြည့်တိုက်အဆောက်အအုံသစ်အတွင်း ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ၏ စာပေလေ့လာဖတ်ရှုနေကိုလည်းကောင်း၊ သုတရသ စာအုပ်စာစောင်များ စနစ်တကျ ခင်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ထို့နောက် ချမ်းသာခန်းမ၌ ဆောင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ နေလူငယ်/ လူရွယ်များအား မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန်  အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဇီးအွန်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာမိုးစပါးစိုက်ကွင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် လယ်ဧက(၃၀)အတွင်း ကွင်းအတွင်းရှိ တောင်သူများ အစုအဖွဲ့ဖြင့် စုပေါင်းစိုက်ပျိုးထားသော လယ်သီးထပ် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ခင်းများ အောင် မြင်ဖြစ်ထွန်းနေမှု အခြေအနေများကိုလည်းကောင်း၊ ဒေသခံတောင်သူများ၏ လိုလားချက်အရ ဆီမုန် ညှင်းစိုက် ဧရိယာတစ်ခုလုံး ခြံစည်းရိုးကာရံနိုင်ရေးနှင့် အဆိုပါ ကွင်းအတွင်းရှိ လယ်ဧက ၅၀၀ အတွက် ကုန်ထုတ်လမ်းနှင့် နွေ၊ မိုး၊ ဆောင်းသွားလာနိုင်ရေး မူလာချောင်းကူးကြိုးတံတား တည်ဆောက်ပေး နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကြိုးတံတားတည်ဆောက်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ကွင်းဆင်းစစ်ဆေးတိုင်းတာ၍ အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဇီးအွန်ကျေးရွာမှတစ်ဆင့် မချမ်းဘောမြို့နယ် နမ့်ခမ်းကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် ကျေးရွာနေ အိမ်ထောင်စုများက အစုအဖွဲ့ဖြင့် ငါးမွေးမြူရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း ပူတာအိုမြို့နယ်၊ နမ့်ထွမ်ကျေးရွာအတွင်း နန်ထုံကြိုးဝိုင်းဧရိယာအတွင်းရှိ ပူတာအိုဒေသတွင် ခရီးသွားဧည့်သည်များ အား အဓိကစွဲဆောင်ရာ နေရာတစ်ခုဖြစ်သည့် ပူတာအိုတိမ်ပင်လယ်သို့သွားရောက်ပြီး တိမ်ပင်လယ် ဖြစ်ထွန်းမှု အခြေအနေများနှင့် တော၊ တောင်၊ ရေမြေ သဘာဝအလှများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် ပူတာအိုမြို့၊ မြို့မရပ်ကွက်အတွင်းရှိ မနက်ဈေးသို့ သွားရောက်ပြီး ဒေသထွက် ဟင်း သီးဟင်းရွက်များ၊ ရေခဲတောင်ထွက် ဆေးဝါးပစ္စည်းများ၊ သား/ငါးများ ရောင်းချနေမှု အခြေအနေများ နှင့် ဈေးရောင်း/ ဈေးဝယ်များဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို လှည့် လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒုတ္ထန်ရပ်ကွက်ပိုင်ရှင် ဦးခေါင်ခင် မိသားစုပိုင် မုန်ညှင်းဆီစက် တည်ထောင် လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပူတာအိုဒေသ၌ ဆီမုန်ညှင်း စိုက်ပျိုးမှု များပြားလာပြီဖြစ်သည့်အတွက် ဆီစက်အဆင့်မြှင့်တင်တည်ထောင်နိုင်ရေး၊ ခေတ်မီစက်အသစ်များ တိုးချဲ့တည်ဆောင်နိုင်ရေးနှင့် ဒေသတွင်း မုန်ညှင်းစေ့ကုန်ကြမ်းများ ဝယ်ယူရရှိရေး ရင်းနှီးမတည်ငွေလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ချေးငွေမတည်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကောင်ကထောင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အပြင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေသည့် တောင်သူဦးအားခီ၏ ခြံဝင်းအတွင်း ဒေသကြက်၊ ကြက်ဆင်၊ ဘဲ၊ ဆိတ်နှင့် ဒေသဝက်များ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက အခမဲ့ပေးအပ်သော မွေးမြူရေးအထောက်အကူပြု ဆေးဝါးများနှင့် ခြံဖျန်းပိုးသတ်ဆေးဘူးများအား ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ခရိုင်လမ်းဦးစီးရိပ်သာ ဧည့်ခန်းမဆောင်၌ ဘာသာရေးအအသင်းအဖွဲ့များမှ ခေါင်း ဆောင်များ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေး၊ စားနပ်ရိက္ခာဖူလုံပေါများလာစေရေးနှင့် ဆီထွက်သီးနှံ များ တိုးချဲ့စိုက်ပျိုးလျက်ရှိသည့် လုပ်ငန်းများကို ဒေသခံများ ပိုမိုသိရှိနားလည်ပြီး ပူးပေါင်းပါဝင် လာခြင်းအားဖြင့် ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်း အောင်မြင်စေမည် ဖြစ်သည့်အပြင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာသူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက်  လိုအပ်ချက်များနှင့် စာပေယဉ်ကျေးမှုများ ထိမ်းသိန်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဘာသာရေးအသင်းအဖွဲ့ (၁၃)ဖွဲ့နှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ (၄)ဖွဲ့တို့အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)