မြစ်ကြီးနား မတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ရေကာတာ၊ ရေတားတမံများ တည်ဆောက်၍ ကြိုတင်ကာကွယ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းအစီအစဉ်များထဲမှ လုပ်ငန်းအစီအစဉ် တစ်ရပ်ဖြစ်သည့် ရေလျှံတားအုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေအား မြို့နေပြည်သူလူထုများ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့၏ ဧရိယာ (၄၀)ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ကာ စိုက်ပျိုးသီးနှံ၊ လူနေအိမ်များ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် စားသုံးကုန်ပိုင်ဆိုင်မှုပစ္စည်းများ တန်ဖိုးအားဖြင့် ဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကာ ပြည်သူများရေဘေးသင့်မှုကို ကြုံတွေ့ခံစားခဲ့ရပါကြောင်း၊ သို့ဖြစ်ပါက မြို့မြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် တည်ဆောက်မည့်ဒီဇိုင်းနှင့် ကုန်ကျစရိတ်များ၊ အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်လွင်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပညာရှင်များပါဝင်သည့် ကနဦးစစ်ဆေးစီစဉ်ဆောင်ရွက်ခဲ့မှုများ၊ နေပြည်တော်တွင် အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြအစီအရင်ခံခဲ့မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အချိန်ကာလအပိုင်းအခြားအတွင်း အကောင်အထည်ဖော်နိုင်သော လက်တွေ့နှင့်လိုက်လျောညီထွေဖြစ်စေသော အစီအမံလုပ်ငန်း (၃)ခုအား ညွှန်ကြားမှုပြုခဲ့သည့် လုပ်ငန်းအစီအစဉ်များ၊ ပြည်နယ်ထောင်စုနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စည်ပင်ရုံးမှ အင်ဂျန်းခချောင်းနေရာအထိ ဆောင်ရွက်ပြီး ကမ်းထိန်းနံရံပေါ်တွင် မြစ်ရေအမှတ် (၁၄၅၀) စင်တီမီတာအထိ ကာကွယ်နိုင်ရေး အုတ်ရိုးစီရေလျှံတားနံရံ တည်ဆောက်သွားမည့် အစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အလျား (၅၉၀၀)ပေရှိ အုတ်ရိုးစီ ရေလျှံတားနံရံတည်ဆောက်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် ပါဝင်လှူဒါန်းနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို မေးမြန်းဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုပ်ငန်းစီမံကိန်းများအပေါ် အကြံပြုသုံးသပ်ဆွေးနွေးကာ ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရှိပြီးသားရေထိန်းနံရံများပေါ်တွင် မြစ်ရေအမြင့်ပေ (၁၄၅၀)စင်တီမီတာအထိ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားမည့် ရေလျှံတား အုတ်ရိုးစီနံရံ ပေ (၅၉၀၀)အား မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံးက ပူးပေါင်းပါဝင်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားကြရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသော ဧရိယာ (၁၇)မိုင်ကျော်အတွင်း လုပ်ငန်းစီမံကိန်း အပိုင်း (၆)ပိုင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြား မှုပြုခဲ့သော အစီအမံလုပ်ငန်း (၃)ခုဖြစ်သည့် ရေထိန်းတံခါး (၅)ခု တည်ဆောက်ခြင်းလုပ်ငန်း၊ ဧရာဝတီမြစ်ရေလမ်း ဖွံ့ဖြိုးရေးအတွက် သောင် (၂)ခု တူးဖော်ခြင်းလုပ်ငန်းများနှင့် မြေသားတမံ အလျား (၁၃၇၈၀) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျောက်စီမြေထိန်းတမံ အလျားပေ (၁၀၀၀၀) တည်ဆောက်ခြင်းလုပ်ငန်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကြက်ဥများ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ရှင်မာဿိ(အင်္ဂလိကန်) ဘုရားကျောင်း၌ ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူထားသည့် နေရပ်များနှင့် မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့ထွက်ခွာကြမည့် တိုက်ပွဲရှောင်မိသားစုများအား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု (၁၇)စုတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ပေးအပ်သည့် ဆန် (၂၄)ပြည့်ပါအိတ် (၁၇)အိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့် ဆီ (၁)ပိဿာဘူး ၁၇ ဘူး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သည့် ဆန်ရိက္ခာ (၁)လစာအတွက် ပံ့ပိုးငွေကျပ် (၈၀၁၀၀၀)နှင့် ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း (၁၇၀၀၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါပုံး (၁၇)ပုံးတို့ကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)