ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ တက်ရောက်

စစ်တွေ မတ် ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်း သားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်နက်၊ မရမာကြီး၊ ကမန်စသည့်မျိုးနွယ်စု(၇)မျိုးအပြင် ချင်းတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများလည်း အတူတကွစုပေါင်းညီညွတ်စွာ နေထိုင်ကြသည့်ပြည်နယ် တစ်ခုဖြစ်ကြောင်း၊ မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့် ဘာသာများရှိကြသော်လည်း အတူပေါင်းစည်းနေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်ဖြင့် ကဏ္ဍပေါင်းစုံတိုးတက်မှုများ ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပညာရပ်များ၊ သင်တန်းများကို ဒေသခံတိုင်းရင်းသားများအား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသကဲ့သို့ ဒေသ၏လိုအပ်ချက်နှင့်ဖွံ့ဖြိုး တိုးတက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ပထမအကြိမ် ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်းသူများထဲမှ သင်တန်းသူအချို့မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိပြီး လစာဝင်ငွေများစွာ ရရှိ၍ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နေကြ ပြီဖြစ်ကြောင်းကြားသိရ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျေနပ်အားရပ်မိကြောင်း၊ ယနေ့ဒုတိယအကြိမ် ဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ်သင်တန်းကိုလည်း ပထမအကြိမ်ကဲ့သို့ အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ “ပညာလို အိုသည်မရှိ၊ ပညာရှာပမာသူတောင်းစား” ဆိုသည့် စကားပုံဖြင့် သင်တန်းသူများအနေဖြင့် အမြဲတမ်းလေ့လာဆည်းပူနေကြရန်လိုကြောင်း၊ နည်းပြများ အနေဖြင့်လည်း နည်းစနစ်ကျစွာဖြင့် ဂရုတစိုက်စေတနာထားသင်ကြားပေးကြစေလိုကြောင်း၊ သင်တန်းသူများတွင် ထူးချွန်စွာတတ်မြောက်အောင်မြင်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကသင်ကြားပြသပေးသည့် ပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး အပတ်တကုတ်ကြိုးစားအားထုတ် သင်ကြားကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဆင့်မြင့်စက်ချုပ်သင်တန်းအတွက် ချီးမြှင့်ငွေကျပ်(၂၀၇၅၀၀၀၀)ကိုပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက လက်ခံရယူ၍ သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ သွားရောက်ပြီး သင်တန်းသူများအား အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးကြကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သဘာဝဘေးလျော့ပါးရေးဆိုင်ရာ လုပ်ငန်းများအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တင်ပြတောင်းခံလာပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအနေဖြင့်စိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ ခွင့်ပြုမိန့်တင်ပြတောင်းခံပြီး လမ်းညွှန်ချက်နှင့်အညီ ထောက်ပံ့ခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား စာရင်းပြုစု၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြခဲ့ကြောင်း၊ ထို့ကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ငွေများအား ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာပြည်သူ(၁)ဦးလျင် တစ်လငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် တစ်လစာ စုစုပေါင်း ငွေကျပ် ၂၆၂ ဒသမ ၆၄ သန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့နယ်အတွင်း နေရ့ပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမှန်တကယ် ဘေးသင့်သူများလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေးအတွက် ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာပြည်သူများအား စနစ်တကျထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ထောက်ပံ့မှုများဆောင်ရွက်သည့်အခါ မှတ်တမ်းများထားရှိရန်၊ ပိုငွေများအားစနစ်တကျ ပြန်အပ်ရန်နှင့် ယာယီနေရပ်စွန့်ခွာစုရပ်များ၌ စာရင်းမပါရှိသူများအား စာရင်းပြုစုပြီး တင်ပြကြရန်၊ စုရပ်အတွင်း နေထိုင်သည့် ပြည်သူတို့၏အခြေခံလိုအပ်ချက်များအား မေးမြန်းပြီး တင်ပြပေးကြရမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကြုံတွေ့ခဲ့ရာသည့် အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များကို ကြီးကြပ်ရေးအဖွဲ့များမှ နေရပ်စွန့်ခွာစုရပ်များအလိုက် ဆွေးနွေးတင်ပြပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ရာတွင် စနစ်တကျ ဖြစ်စေရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းထားရှိမှု၊ ထောက်ပံ့ငွေများပေးအပ်နေမှု၊ ယာယီနေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်ကြသည့် ပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ဆက်လက်ပေးအပ် သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း (ပြန်/ဆက်)