စစ်တွေ မတ် ၈
စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်၏ ရှေးဟောင်းထီးတော်အား ရွှေသင်္ကန်းကပ်လှူခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် စေတီတော်မြတ်အား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်၏ ရှေးဟောင်းထီးတော်အား ရွှေသင်္ကန်း ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ထီးတော်တင်လှူနိုင်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနေမှုအား လှည့်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် စေတီတော်ဓမ္မာရုံ၌ လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ထီးတော်တင်လှူနိုင်ရန်နှင့် စေတီတော်ဘက်စုံပြုပြင်မွမ်းမံနေမှုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးတာဝန်ခံက ထီးတော်တင်လှူနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ဓမ္မာရုံအားပြန်လည်ပြုပြင်ခြင်းနှင့် တိုးချဲ့တည်ဆောက်နေမှု၊ စေတီတော်ရင်ပြင်နှင့် တံခွန်တိုင်တို့တွင် လိုအပ်သောနေရာများအား ပြုပြင်နေမှု၊ ဘုရားပရဝုဏ်အတွင်း မီးလိုင်းများတတ်ဆင်ခြင်းနှင့် ရေလိုင်းများဆက်သွယ်ခြင်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ရှေးမူမပျက် စနစ်တကျဆောင်ရွက်နိုင်ရေးမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ ယာယီပလ္လင်တော်တွင် သီတင်သုံးနေမှုအား လှည့်လည်ဖူးမြော်ကြပြီး ပလ္လင်တော်များပြုပြင်ပြီးစီးပါက စနစ်တကျဖူးမြော်နိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော်မြတ်အား ထီးတော်တင်လှူပွဲကို ၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ထီးတော်တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)