စစ်တွေ မတ် ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာနှင့် ABC ကလေးစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ပြီး ဆန်၊ ဆီနှင့် အလှူငွေများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘိုးဘွားရိပ်သာသို့သွားရောက်ပြီး ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဘိုးအဘွားများအားလုံးကို ကျန်းမာရွှင်လန်းစွာ တွေ့ဆုံရ၍ ဝမ်းသာကြည်နူးဖြစ်ရကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်သူပြည်သားအားလုံး၏ စားဝတ်နေရေးများကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနေသကဲ့သို့ လူမှုရေးအထူးလိုအပ်ချက်ရှိနေသော ဘိုးဘွားရိပ်သာက ဘိုးဘွားများကိုလည်း လာရောက်လှူဒါန်းခြင်း၊ တွေ့ဆုံအားပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဘိုးအဘွားများအတွက် အာဟာရအတွက်သာမက ရိပ်သာ၏အခြားလိုအပ် ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယနေ့တွင် တစ်နေ့တာ စားနပ်ရိက္ခာအတွက် လှူဒါန်းသကဲ့သို့ ဆန်၊ဆီနှင့်ဆေးဝါးများ၊ အဘိုးအဘွားများအတွက် လိုအပ်သည့်အသုံးအဆောင်များ၊ အလှူငွေနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို လာရောက်ချီးမြှင့်လှူဒါန်းခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဘိုးအဘွားတို့၏ ဆုတောင်းမေတ္တာပို့ခြင်းကိုလည်း ခံယူပြီး ရှေးဘဝက မိဘဆွေမျိုး၊ ဆရာသမားတော်စပ်ဖူးသူများကို ပြုစုစောင့်ရှောက်ရသကဲ့သို စိတ်မှာခံစားရင်း ကုသိုလ်ပီတိများ ရရှိပါကြောင်းနှင့် နောင်တွင်လည်း အခါအခွင့်သင့်လျှင် လာရောက်တွေ့ဆုံလှူဒါန်းသွားမည်ဖြစ်ကြောင်း ဂါရဝစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အဘိုးအဘွားများအတွက် ဆန်၊ ဆီနှင့် အလှူငွေများအား ချီးမြှင့်ပေးအပ်လှူဒါန်းကြရာ ဘိုးဘွားရိပ်သာကော်မတီဝင်များက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဘိုးအဘွားများအား ဆေးဝါးများနှင့် ဆီနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ဘိုးဘွားရိပ်သာကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အဘွားတစ်ဦးက ဆုတောင်းမေတ္တာပို့သပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာအတွင်း ထမင်းစားဆောင်နှင့် စားဖိုဆောင်များအား လှည့်လည်ကြည့်ရှုကြ၍ ဘိုးဘွားရိပ်သာအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆိုလာလျှပ်စစ်မီးများ တတ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်နေ့တာအတွက် ထမင်းနှင့် လ္ဘက်ရည်တို့ကို ကျွေးမွေးလှူဒါန်းခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်နှင့် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများကလည်း တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ABC ကလေးစောင့်ရှောက်ရေး ဂေဟာသို့သွားရောက်ပြီး ကလေးစောင့်ရှောက်ရေးဂေဟာအတွင်း လှည့်လည်ကြည့်ရှုကြကာ ဆန်၊ ဆီနှင့် အလှူငွေ များပေးအပ် ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကလေးစောင့်ရှောက်ရေးဂေဟာကော်မတီဝင်တစ်ဦးက ကလေးငယ်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် ဆောင်ရွက်ပေးနေမှုနှင့် ကလေးစောင့်ရှောက်ရေး ဂေဟာအတွက် လိုအပ်ချက်များကို တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကလေးစောင့်ရှောက်ရေးဂေဟာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်၊ ဆီနှင့် အလှူငွေများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကလေးငယ်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် လိုအပ် ချက်များကို ပြည်နယ်အစိုးရအဖွဲ့မှ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် သားငယ်၊ သမီးငယ်များအနေဖြင့်လည်း စိတ်အားငယ်မှုမရှိဘဲ မိမိတို့ဘဝအနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ပညာကိုကြိုးစားသင်ယူကြရန်နှင့် အချင်းချင်းကူညီရိုင်းပင်းကာ နေထိုင်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကလေးစောင့်ရှောက်ရေးဂေဟာအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆန်နှင့် ဆီများကို ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များကလည်း ကလေးစောင့်ရှောက်ရေးဂေဟာအတွင်းရှိကလေးငယ်များအား မုန့်နှင့်အာဟာရ ဖြည့်စွက်စာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)