ပူတာအိုမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ သတ္တမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကျင်းပ

ပူတာအို မတ် ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ သတ္တမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(ပူတာအို)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကို အပိုင်း(၅)ပိုင်းဖြင့်ဆောင်ရွက်ခဲ့ပြီး အပိုင်း(၁)တွင် A.G.T.I ဒီပလိုမာအပ်နှင်းရန် စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ကပြဋ္ဌာန်းခြင်း၊ အပိုင်း(၂)တွင် စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များနေရာယူခြင်း၊ အပိုင်း(၃)တွင် သက်ဆိုင်ရာ ဒီပလိုမာအောင်လက်မှတ်များအပ်နှင်းခြင်း၊ အပိုင်း(၄)တွင် ကျောင်းအုပ်ဆရာကြီးမှ မိန့်ခွန်းမြွက်ကြားခြင်းနှင့် အပိုင်း(၅)တွင် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကို ရုပ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနားတွင် A.G.T.I ဒီပလိုမာ(မြို့ပြအင်ဂျင်နီယာ)အပ် နှင်းခံရသူစုစုပေါင်း ခုနှစ်ဦး၊ A.G.T.I ဒီပလိုမာ(လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ)အပ်နှင်းခံရသူစုစုပေါင်း ကိုးဦး၊ A.G.T.I ဒီပလိုမာ(စက်မှုအင်ဂျင်နီယာ)အပ်နှင်းခံရသူ စုစုပေါင်း ခုနှစ်ဦး၊ A.G.T.I ဒီပလိုမာ (မြို့ပြအင်ဂျင်နီယာ) အပ်နှင်းခံရပြီးအဝေးရောက်သူ တစ်ဦးနှင့်A.G.T.I ဒီပလိုမာ (လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ) အပ်နှင်းခံရပြီး အဝေးရောက်သူနှစ်ဦးတို့အား အပ်နှင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်နှင့် ကျောင်းစီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊A.G.T.I ဒီပလိုမာ အပ်နှင်း ခံရသည့် ကျောင်းသား/သူများနှင့်ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)