ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲတက်ရောက်

မြစ်ကြီးနား မတ် ၁၀

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအတွက် တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် ဆန်းစစ်ဆွေးနွေး၍ ရှေ့ဆောင်ရွက်သွားကြမည့် လုပ်ငန်းအစီအမံများ ဖြည့်စွက်သုံးသပ်နိုင်ရေးအတွက် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကြုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက် ရေး လုပ်ငန်းများကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ စိတ်ကောင်း၊ စေတနာ ထားကြိုးစားဆောင်ရွက်ကြရန်နှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အဓိကစိန်ခေါ်မှုများဖြစ်သည့် ဝန်ထမ်းအင်အား၊ ဆေးဝါးပစ္စည်းများ၊ လမ်းပန်းဆက် သွယ်ရေး စသည့်အခက်အခဲပေါင်းစုံကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပူးပေါင်းဆောင်ရွက်ပေးကြသည် ကိုလည်း ကျေးဇူးအထူးတင်ရှိသကဲ့သို့ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ပေး ကြရန်နှင့် လိုအပ်ချက်များရှိလာပါက အဆင့်ဆင့်ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အချိန်နှင့်တစ်ပြေးညီ တင်ပြပြီး အတူတကွလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

အဆိုပါ ပြည်နယ်အဆင့်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင် ဦးဆောင်၍ ခရိုင်၊ မြို့နယ်ကျန်းမာရေးမှူးများက မြို့နယ်တစ်ခုချင်းအလိုက် တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့်‌ ရှောက်မှုလုပ်ငန်းများကို ဆန်းစစ်သုံးသပ်အဖြေရှာညှိနှိုင်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကိုလည်း ဆွေးနွေးသုံးသပ်ခြင်းကို နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြု လုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်ရေး၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို သတ်မှတ် စံချိန်စံညွှန်း၊ အရည်အသွေး၊ အခြင်အတွယ်ပြည့်မီ မှန်ကန်မှုရှိစေရေး၊ ဖူလုံမှုရှိစေရေး၊ တရားမဝင် သိုလှောင်ခြင်းနှင့် ဈေးကစားခြင်းတို့ မရှိစေရေး လစဉ်စစ်ဆေးဆောင်ရွက်၍ တင်ပြရမည်ဖြစ်သကဲ့သို့ အသိပညာပေးခြင်း၊ အသိပေးအကြောင်းကြားခြင်းနှင့် စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ခရိုင်နှင့် မြို့နယ်များအလိုက် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ လိုအပ်ပါက ထပ်ဆင့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ် အဆင့် ဆပ်ကော်မတီ ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ခရိုင်၊ မြို့နယ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ကိုရှင်းလင်းတင်ပြပြီးဆပ်ကော်မတီအတွင်း‌ရေးမှူး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမင်းမင်းက ရေနံနှင့် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်စက်သုံးဆီ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သူရက လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင်များဘက် မှပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စက်သုံးဆီသယ်ယူ/သိုလှောင်/ ဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယခုအခါပူပြင်းသည့်နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ လစဉ်စစ်ဆေးခြင်းနှင့် အရောင်းဆိုင်များအား အသိပညာပေးခြင်း၊ သတိပေးခြင်းနှင့် အရေးယူခြင်းများကို လိုအပ်သလို ဆောင်ရွက်သွားကြရန်နှင့် ဆောင်ရွက်ပြီးစီးမှုများအား အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်အတွင်းရှိ ဆီမားခန်းမ၌ မြစ်ကြီးနားမြို့နေ တရုတ်အမျိုးသမီးများအဖွဲ့က ဦးဆောင်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး တေးသရုပ်ဖော် အကအလှ များဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်း‌နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားသည်။

ဆက်လက်၍ စည်ပင်သာယာရေး အဖွဲ့ရုံးမှ အင်ဂျန်းခချောင်းအထိ ဆောင်ရွက်ပြီး ကျောက် စီမြေထိန်းနံရံပေါ်တွင် ၁၄၅၀ စင်တီမီတာအထိ ကာကွယ်နိုင်မည့် အရှည်ပေ (၅၉၀၀)ရှိ အုတ်ရိုးစီ ရေလျှံတားတမံတည်ဆောက်ခြင်းလုပ်ငန်းအတွက် အများပြည်သူပူးပေါင်းပါဝင်ဖြင့် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အလှူရှင်များဖြစ်ကြသည့် Asia Energy စက်သုံးဆီ အရောင်းဆိုင်မှ အလှူငွေကျပ် သိန်း ၅၀၀ နှင့် ဖားကန့်စက်သုံးဆီဆိုင်လုပ်ငန်းရှင်များက ငွေကျပ် သိန်း ၅၀၀ လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)