ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းရှိ တောင်သူများအား ရင်းနှီးမတည် ပေးခြင်း၊ တွန်းအားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကြာရာပ္ပတီးရပ်ကွက်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးပီတာမရန်ဂွန်ဒန်ဇော်၏ခြံဝင်းသို့ သွားရောက်ပြီး ခြံဝင်းအတွင်း တိုင်းရင်း ကြက်သားပေါက်ငယ်ကောင်ရေ ၂၀၀၀ ကျော် မွေးမြူထားရှိမှု အခြေအနေများ၊ ဒေသကြက် မျိုးကောင်းမျိုးသန့်ကောင်ရေ (၇၀၀)ကျော်အား စုစည်းရွေးချယ်၍ ကြက်ခြံ (၅)ခြံအဖြင့် စနစ်တကျ မွေးမြူထားရှိမှု အခြေအနေများနှင့် ခေတ်မီစက်ကြီးများဖြင့် ကြက်ဥများအား သားဖောက်ခြင်းလုပ် ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသကြက်သားပေါက်များ မွေးမြူ၍ ပြန်လည်ရောင်းချရာမှ အကျိုးအမြတ်နှင့် ရင်းနှီးမတည်ငွေများ ပြန်လည်ရရှိမှု အခြေအနေများ၊ လုပ်ငန်းတိုးချဲ့ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ပေးနိုင်ရေး၊ နည်းစနစ်တကျသော မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာ၊ ဆေးဝါး နှင့် အစာအိတ်များ ပြည့်စုံလောက်ငှအောင် ရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စီမံကိန်း/ လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်း/လုပ်ငန်း များကို ကချင်ပြည်နယ်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရန်နှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ် ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ထို့ အပြင် ငွေလုံးငွေရင်း အသုံးစရိတ် လုပ်ငန်းစီမံများကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးများအနေဖြင့်လည်း မိမိတို့ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အပေါ် အရည်အသွေးပြည့်ဝစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာရေး နှစ်ကုန်ဆုံးချိန် တွင် လုပ်ငန်းများ ရာနှုန်းပြည့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ရန်ပုံငွေ(ငွေလုံးငွေရင်း)အသုံးစရိတ်ဖြင့် ဆောင်ရွက် မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများအတွက် ဘဏ္ဍာရေး စည်းမျဉ်း/ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အလေးထား လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းဆောင် ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဆွဲဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းစီမံကိန်း ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် မြေပြင်ဆောင်ရွက်ဆဲ အခြေ အနေများ၊ လုပ်ငန်းအခက်အခဲများကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက သုံးသပ် ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများ သတ်မှတ်ချိန်မီ၊ အရည် အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးစည်းမျဉ်း/ စည်းကမ်း လုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံးတင်ပြသွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း အဆိုပါအစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာများနှင့် ကျင်းပပြုလုပ်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကို ယခင်နှစ်များနည်းတူ ရိုးရာအစဉ်အလာနှင့်အညီ၊ ဓလေ့ထုံးစံနှင့်အညီ၊ တည်ငြိမ် အေးချမ်းစွာ၊ ပျော်ရွှင်ချမ်းမြေ့စွာ၊ ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စနစ်တကျ စီမံ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊မဟာသင်္ကြန်ပွဲတော်နှင့်အတူ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခမ်း အနားများကိုလည်း ယခင်နှစ်များမှ အားသာချက်/ အားနည်းချက်များကို သုံးသပ်ဆွေးနွေးပြီး ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေ‌ရေးနှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်သွားမည့် အစီအစဉ်များ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားနှင့် အများပြည်သူလွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး ထပ်မံဖြည့်စွက်ဆောင်ရွက်သွား မည့်အစီအစဉ်များ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စီမံဆောင်ရွက်မည့် ကိစ္စရပ်များ၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော် နာယူများ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူလွတ်လပ်ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို အချိန်မီပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားရှိရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဆပ်ကော်မတီတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှီုင်း၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)