ပွင့်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ စာရင်း ကောက်ယူခြင်း လုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့်၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၂ ရက်နေ့က စတင်ကာ မြို့နယ်အတွင်း စာရင်းကောက်ယူရန်ကောက်ကွက်ပေါင်း ၁၅ ကွက်အား ကွင်းဆင်းကောက်ယူဆောင်ရွက် လျက်ရှိရာ မကြာမီပြီးစီး တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူ ခြင်း လုပ်ငန်းအနေနဲ့ ကောက်ကွက်မြေပုံ စုစုပေါင်း(၁၅)ကွက် ရှိပါတယ်။ စာရင်းကောက်ယူခြင်း လုပ်ငန်းကို သတ်မှတ်ရက်အတွင်း အချိန်မီ ကောက်ယူပြီးစီးနိုင်ရေးအတွက် ရုံးဝန်ထမ်းတွေကို အဖွဲ့များခွဲပြီး တစ်ပြိုင်နက်တည်း ကွင်းဆင်းကောက်ယူဆောင်ရွက် နေတာဖြစ်လို့ ယခုဆိုရင် စာရင်း ကောက်ကွက်(၁၄) ကွက် ကောက်ယူဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ စာရင်းကောက်ယူမှု ပုံစံကတော့ ယခင်က ကောက်ယူခဲ့တဲ့ မေးခွန်းစာရွက်အသုံးပြုတဲ့နည်းစနစ်နဲ့ ကောက်ယူသွားခြင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံအများစု အသုံးပြုနေပြီဖြစ်တဲ့ ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း မေးမြန်းစာရင်း ကောက်ယူတဲ့စနစ် CAPI (Computer Assisted Personal Interviewing) အသုံးပြုတဲ့ နည်းစနစ်နဲ့ ကောက်ယူဆောင်ရွက်တာဖြစ်လို့ စာရင်းများ ကောက်ယူရာမှာ တိကျမှန်ကန်ပြီး မြန်ဆန်စွာနဲ့ ကောက်ယူရလည်း လွယ်ကူ စေပါတယ်။ ဒါ့ကြောင့် မကြာမီအချိန်မှာ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ ဆောင်ရွက်ပြီးစီးတော့မှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်ဇော်တင့် က ပြောကြားသည်။
ရဲဝင်းနိုင် (ညောင်ဦး)