ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စံကျောင်းတော် (၂)ဆောင် ထီးတော်တင်လှူခြင်း၊ အောင်မြေ ဌာပနာသွင်းနှံခြင်းအခမ်းအနားနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနား တက်ရောက်

စစ်တွေ မတ် ၁၄

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူ၏ စံကျောင်းတော်(၂) ဆောင်ထီးတော်တင်လှူခြင်း၊ အောင်မြေဌာပနာသွင်းနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစံကျောင်းတော် (၂)ဆောင်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့ ကြွဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထီးတော်နှင့် ဌာပနာတော်များအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းကြပြီး စိန်ဖူးတော်များအား ထီးတော်တင်လှူမည့် စံကျောင်းတော် (၂)ဆောင်သို့ အသီးသီးပင့်ဆောင်ကြသည်။ ယင်းနောက် မင်္ဂလာအချိန်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မာရဝိဇယဆင်းတုတော်၏ စံကျောင်းတော်၌ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အားလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးက အဘယရာဇမုနိဆင်းတုတော်၏ စံကျောင်းတော်၌ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အားလည်းကောင်း တင်လှူပူဇော်ကြပြီး ဆင်းတုတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော် အောင်မြေ၌ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အောင်မြေဌာပနာသွင်းနှံကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးအမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ စည်တော်တီးကာ ရတနာသုံးပါးဂုဏ်တော်ကို ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။  ယင်းနောက် စစ်တွေမြို့ ကြွဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူး ပြုသောဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာသဒ္ဓမ္မဇောတိဓဇ ဘွဲ့တံဆိပ်တော်ရ စစ်တွေမြို့ မြသိန်းတန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတသုန္ဒရ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၅ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိတု’’ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ အောင်စေသံတီးခတ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိ ကဓဇတစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတတစ်ပါးနှင့် သဒ္ဓမ္မဇောတိကဓဇတစ်ပါးတို့ကို ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)