စစ်တွေ မတ် ၁၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လှုပ်ရှားမှုအခမ်းအနားကို မတ်လ(၁၂)ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာရေးဆရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံက “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို ယူနစ်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရာတွင် ဘက်စုံထောင့်စုံက ဟာကွက်မရှိအောင် ရေးသားပြုစုပြီး တင်သွင်းသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို တိုင်းရင်းသားပြည်သူများက ယခင်ကထက်ပိုမိုအလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေရန်၊ အတူယှဉ်တွဲ လုပ်ကိုင်ကြစေရန်နှင့် ပြင်ပအဖွဲ့အစည်းများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးလက်တွဲ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားလူမျိုးနွယ်စုများဖြင့် စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များသည် လွန်ခဲ့သောနှစ်ကာလပေါင်းများစွာကပင် ပေါကြွယ်ဝစွာတည်ရှိခဲ့ပြီး တိုင်းတစ်ပါးနိုင်ငံများ၏ ယဉ်ကျေးမှုလွှမ်းမိုးကူးစက်မှုကို မိမိတို့၏အသိစိတ်ဖြင့် ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက နှစ်သက်ခုံမင်စွာဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အဆက် သုံးစွဲလာခဲ့သော “မြန်မာသနပ်ခါး ယဉ်ကျေးမှုဓလေ့” ကို ၂၀၂၅ ခုနှစ်တွင် ယူနစ်စကိုသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသောအနေဖြင့် နိုင်ငံတော်အစိုးရကလည်း နှစ်စဉ် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းမည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကိုလည်း မြန်မာ့ရိုးရာအတာသင်္ကြန်ကဲ့သို့ အောင်မြင်စွာတင်သွင်းနိုင်ရန်နှင့် လစ်ဟာမှုမရှိစေရန် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် အလားတူ နောင်လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအသီးသီး၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို တင်သွင်းနိုင်ရေး ဆက်လက်ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာ့သနပ်ခါးနှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းအားပြသပြီး ရခိုင်ယဉ်ကျေးမှုအဖွဲ့က သနပ်ခါးတေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကာ စာရေးဆရာအောင်ကြည်မိုး (သင်ပုန်းတန်း)က သနပ်ခါးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ခန်းမအတွင်း မြန်မာအမျိုးသမီးငယ်လေးများက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အကြို လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် သနပ်ခါးသွေးကာလိမ်းခြယ်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့အကြိုလှုပ်ရှားဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကြသူများအား သနပ်ခါးခဲများအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မတ်လ (၁၁)ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းနှင့် ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများအား လုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌနမှ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားကြောင်း၊ မိမိတို့ပြည်နယ်တွင်လည်း MSME လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေများ ထုတ်ချေးပေးထားပြီး လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများတွင် ဆန်စပါးကို အဆင့်မြှင့်တင်ပြီး ပို့ကုန်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရိုးရာရက်ကန်းလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ကာ ရိုးရာအဝတ်အထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးရာအဝတ်အထည်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရေးအတွက် ရက်ကန်းသင်တန်းများ ဖွင့်လှစ်ကာ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းသင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် အတတ်နိုင်ဆုံးပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများသက်သာရှောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်နေသည့်အပြင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးများနှင့် ရက်ကန်းသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးတို့က မိမိတို့ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ရက်ကန်းသင်တန်းကျောင်းရှိ လက်ရက်ကန်းဆောင်နှင့် စက်ရက်ကန်းဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု၊ ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ပေးအပ်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)