ပူတာအိုခရိုင် (Community Centre) ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန) သင်တန်းဖွင့်လှစ်

ပူတာအို မတ်  ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ်ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးထက်အောင်ကျော်က အင်္ဂလိပ်စာအသုံးဝင်ပုံနှင့်သင်တန်းတွင် သင်ကြားမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်များ၊ အေးချမ်းသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲများနှင့် စာအုပ်စာစောင်ပြပွဲများကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှသင်တန်းသား သင်တန်းသူ စုစုပေါင်း(၄၀)ဦးတို့အား မတ်လမှဧပြီလအထိ အပတ်စဉ်သောကြာ၊ စနေ၊ တနင်္ဂနွေရက်များတွင် နေ့စဉ်မွန်းလွဲ (၂)နာရီမှ (၃)နာရီခွဲအထိ သင်တန်းနည်းပြဆရာများက ပညာဒါနအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 ဖုန်ကန်(ပူတာအို)