ကချင်ပြည်နယ်ဝန်ကြီးချုပ် ဘောလုံးပွဲတော်သို့ တက်ရောက်အားပေး၊ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ မြစ်ရေတိုက်စားမှုမှကာကွယ်ရေး ကမ်းပါးထိန်းကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၆

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အတွင်း အဆိုပါတက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို စာစစ်ဌာနပေါင်း(၂၂)ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း (Grade-5) မှ (Grade-9)အထိ စာမေးပွဲများကို အေးချမ်းတည်ငြိမ်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ယနေ့တက္ကသိုလ်ဝင်တန်း(Grade-12)စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့်မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်အတွင်း မြို့နယ်ပေါင်း(၁၂)မြို့နယ်တွင် စာစစ်ဌာနပေါင်း(၂၂)ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ(၉)ထောင်ကျော် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေး၊ လုံခြုံရေးဆိုင်ရာအစီအမံများ၊ မေးခွန်းလွှာနှင့် အဖြေလွှာများ သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း၊ စာမေးပွဲဖြေဆိုချိန်အတွင်း လိုအပ်သည်များကိုလည်းကောင်း အချင်းချင်း ညှိနှိုင်းပေါင်းစပ်၍ တည်ငြိမ်အေးချမ်းစွာ၊ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး မိမိတို့အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးက တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာအစီအမံများ၊ မေးခွန်းနှင့် အဖြေလွှာများ သယ်ယူပို့ဆောင်ရာတွင် လိုအပ်သည်များကို တပ်မတော်အနေဖြင့် တပ်နယ်များအလိုက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက မေးခွန်းလွှာများ စာစစ်ဌာနများအလိုက် ပေးပို့ဆောင်ရွက်ထားရှိမှုများနှင့်လုံခြုံရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်တက်ရောက်လာကြသည့် မြစ်ကြီးနားတပ်နယ်မှူး ဗိုလ်မှူးချုပ်တင်ထွန်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ပညာရေးမှူးတို့က ပြည်နယ်အတွင်း မြို့နယ်များအလိုက် စာစစ်ဌာနများ ဖွင့်လှစ်ထားရှိမှု၊ မေးခွန်းများ ပေးပို့ဆောင်ရွက်ထားရှိမှုနှင့် စာစစ်ဌာနများအလိုက် စနစ်တကျစုဖွဲ့၍ လုံခြုံရေးရယူဆောင်ရွက်သွားမည့် အစီအမံများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ အွန်လိုင်းမှ တက်ရောက်လာကြသည့် တပ်နယ်အလိုက် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ခရိုင်/ မြို့နယ်ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တပ်နယ်များအလိုက် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ လျှပ်စစ်မီးဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တိုင်းမှူးက သက်ဆိုင်ရာစာစစ်ဌာနများအလိုက် လုံခြုံရေးအစီအမံများနှင့် အခြားလိုအပ်ချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများအကြား ပေါင်းစပ်ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက် ၇ နာရီကလည်း မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်သာပြီး စိမ်းလန်းစိုပြည်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဦးစွာမြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ အမျိုးသမီးဘော်ဒါဆောင်များနှင့်စားသောက်ဆိုင်တန်း များနောက်ရှိ မြေကွက်လပ်တွင် တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းမျာကို စုပေါင်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ စိမ်းလန်းလုပ်သားများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး အဆိုပါမနောကွင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည့် ဒေသတွင်း MSME ထုတ်ကုန်ပစ္စည်းများပြပွဲ အခမ်းအနားအတွက် ဆိုင်ခန်းများ လျာထားဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း‌ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အားကစားဆပ်ကော်မတီများက ပူးပေါင်းကျင်းပသော နွေရာသီအားကစားသင်တန်းများထဲမှ ပြည်နယ်၏ ဘောလုံးအားကစားဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု (သက်တမ်းအလိုက်) သင်တန်းသားဦးရေ (၁၀၀၀)ကျော် ပါဝင် သည့် ဘောလုံးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ဘောလုံးပွဲတော်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မိမိတို့ ကချင်ပြည်နယ်အတွက် အားကစား၏ စည်းလုံးညီညွတ်မှု၊ ယှဉ်ပြိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကျန်းမာသန် စွမ်းမှုတို့ကို ဂုဏ်ပြုခြင်းပင်ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် အားကစား နည်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် နွေရာသီအခြေခံအားကစားနည်းသင်တန်းကို အားကစားနည်း (၂၀) နည်းဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့ ဘောလုံးပွဲတော်သည် ပြည်နယ်အတွင်း ဘောလုံးအားကစား နည်းကို စိတ်ပါဝင်စားကြသည့် အားကစားစုစုပေါင်း (၁၀၀၀)ကျော် ပါဝင်ကြသည့်အတွက် ပြည်နယ် အတွင်းပထမဆုံး ပြုလုပ်နိုင်သည့် မှတ်တမ်းတစ်ခုလည်းဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် သက်တမ်းအလိုက် ဘောလုံးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသားများအတွက် အားကစားဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ဘောလုံးကွင်း အတွင်း ဘောလုံးပွဲတော်အဖြစ် သက်တမ်းအလိုက် ဂိမ်းကစားခြင်း၊ ဘောလုံးအခြေခံကျွမ်းကျင်မှုများ သရုပ်ပြခြင်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နည်းပြများ အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအုပ်စု၊ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြည်နယ်အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကမ်းပြိုကာကွယ်ရေး ကျောက်စီကမ်းထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းထောင့် ဧရာဝတီမြစ်ဆိပ်မှ တစ်ဆင့် မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် သွားရောက်ခဲ့ကြသည်။

ထို့နောက် အဆိုပါ လုပ်ငန်းစီမံကိန်းသို့ ရောက်ရှိပြီး လုပ်ငန်းခွင်အတွင်း ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည် ဆောက်လျက်ရှိသော ကမ်းပါးထိန်း ကျောက်စီမြေထိန်းနံရံ Toe Wall နှင့် Mid Wall များ တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ရှင်းလင်းဆောင်၌ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ၂၀၂၄ ခုနှစ်၊ ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ကမ်းပါးတိုက်စားခံခဲ့ရသော လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေး ၂၀၂၄-၂၀၂၅ ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် Geo Bags ချခြင်းနှင့် ကျောက်စီမြေထိန်း နံရံ အလျားပေ ၃၀၀၀ တည်ဆောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမရောက်မီ စောလျင်စွာဖြင့် စံချိန်/စံညွှန်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အဆိုပါ ၂၀၂၄ ခုနှစ် ဧရာဝတီမြစ်‌ရေ စံချိန်တင်မြင့်တက်ခဲ့မှုကြောင့် ကမ်းပါးရေ တိုက်စားခြင်းခံခဲ့ရသော လဝမ်ကထောင်ကျေးရွာနှင့် ဟိုးလော်ကျေးရွာများမှ လူနေအိမ် (၁၈)လုံး၊ စေတီတစ်ဆူ မြေခပျက်စီးခဲ့မှုအပေါ် ပျက်ဆီးဆုံးရှုံးမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျေးရွာများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ခြင်းနှင့် ကမ်းပြိုကာကွယ်ရေး တည်ဆောက်လျက်ရှိသည့် Geo Bags ချခြင်းနှင့် ကျောက်စီမြေထိန်းနံရံတည်‌ဆောက်ခြင်းအတွက် Toe Wall နှင့် Mid Wall တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်