စစ်တွေ မတ် ၁၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံသန့်ရှင်းသာယာရေးနှင့် ခန်းမနှင့် ပန်းခြံအတွင်း လျှပ်စစ်မီးများ စနစ်တကျတပ်ဆင်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ သာဘန်းလမ်း ကွန်ကရစ်ခင်းပြီးအပိုင်းမှ အောင်ထွန်းဦးလမ်းထိ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၄၁ ဒသမ ၇၀၀ သန်းဖြင့် အလျား ၂၂၆ ပေ၊ အကျယ် ၃၅ ပေ၊ ထု ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာဘန်းလမ်း ကွန်ကရစ်ခင်းပြီးအပိုင်းမှ မင်းဘာကြီးလမ်းအထိ ဆက်လက်၍ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များရှိပါက တာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းမှ မြင်းစီးပြိုင်လမ်းအထိ ပြည်နယ်ခွင့်ပြုငွေကျပ် ၃၇၈ ဒသမ ၇၆၀ သန်းဖြင့် အလျား ၅၂၀ ပေ၊ အကျယ် ၂၀ ပေ၊ ထု ၈ လက်မ ကွန်ကရစ်ခင်း၊ မြေထိန်းနံရံ၊ ပလက်ဖောင်း၊ ရေမြောင်း၊ ရေထွက်ပေါက်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မူလလမ်းပေါ်တွင်အခြေခံပြီး စနစ်တကျဆောင်ရွက်ကြရန်၊ သတ်မှတ် စံချိန်စံညွှန်နှင့်အညီကောင်းမွန်အောင်ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်စံပြရပ်ကွက်၊ ရွာတွင်းလမ်းအား ပြည်နယ်ခွင့်ပြုငွေကျပ် ၁၆၉ ဒသမ ၅၀၀ သန်းဖြင့် အလျား ၅၅၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၈ လက်မ ကွန်ကရစ်ခင်းခြင်း၊ ရေထွက်ပေါက်နှစ်ခုတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့၏ ကူညီကယ်ဆယ်ရေးပစ္စည်းများထားသိုနိုင်ရန် အလျား ၁၂၀ ပေ၊ အကျယ် ၅၀ ပေ၊ အမြင့် ၁၆ ပေအတိုင်းအတာရှိ သိုလှောင်ရုံ(ဂိုဒေါင်)နှစ်လုံးတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာကြရာ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီနိုင်ရေး စနစ်တကျစေတနာထားဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်စံပြရပ်ကွက်ရှိ ကုန်သည်ကြီးများ အသင်းပိုင်း ရေကူးကန်အားသွားရောက်ကြည့်ရှုစစ်ဆေးပြီး နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်ကစားနိုင်ရန်အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)