မြစ်ကြီးနား မတ် ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ အမြင့်ပေ ၁၄၀၀ ကျော်ရှိသည့် မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိကာစမဏိသဘာ မှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေး ကြည်ညိုခဲ့ကြသည်။
ထို့သို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်အတူ မှန်ပြတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားတော်မူသည့် အခြေအနေများကို လှည့်လည်ကြည်ညိုခဲ့ကြပြီး ရုပ်ပွားတော် တည်ထားတော်မူသည့် နေရာမှတစ်ဆင့် ဧရာဝတီမြစ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့၏ ရှုခင်းများအား ကြည့်ရှုလေ့လာခဲ့ကြကာ ရုပ်ပွားတော် အပြီးသတ်တည်ထားပြီးစီးပါက အနေကဇာတင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် တောင်ထွဋ်တွင် တည်ထားတော်မူလျက်ရှိသည့် ကာစမဏိသဘာ မှန်ပြတောင်စေတီတော် တည်ထားပြီးစီးပါက တစ်ပြိုင်တည်း ထီးတော်တင်လှူပွဲပါ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တောင်ထွဋ်ရှိ မူလကိုးထောင်စေတီတော်အား ပြုပြင်မွမ်းမံ၍ တည်ထားလျက်ရှိသော ကာစမဏိသဘာ မှန်ပြတောင်စေတီတော်အား သွားရောက်ကြည်ညိုခဲ့ကြပြီး စေတီတော်တည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်သည့် စေတီတော်ရင်ပြင် တည်ဆောက်နိုင်ရေး၊ ရုပ်ပွားတော်မြတ်ကြီးများ တည်ထားကိုးကွယ်တော်မူနိုင်ရေး၊ စေတီတော် အပြီးသတ်တည်ထားကိုးကွယ်နိုင်ရေးတို့အတွက် ဦးဆောင်ဆရာတော်၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များ ထည့်ဝင်လှူဒါန်းနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)