ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုအား လှည့်လည်ကြည့်ရှုအားပေး

မြစ်ကြီးနား မတ် ၁၈

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများတွင် မတ် ၁၇ ရက်မှစတင်၍ မတ် ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စာစစ် ဌာနများတွင်လည်း ကျောင်းသား/ကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိစာစစ်ဌာနများ၌ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာသင်ဆောင်များအတွင်း ကျောင်းသားဦးရေ(၂၀၀)ကျော်နှင့် ကျောင်းသူဦး‌ရေ (၅၀၀)ဦးကျော်တို့ဖြင့် စုစုပေါင်းကျောင်သား/ကျောင်သူဦးရေ (၈၀၀) ကျော်တို့ အေးချမ်းတည်ငြိမ်စွာ ဖြင့် မြန်မာဘာသာရပ်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပမ္မတီး ရပ်ကွက် အတွင်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း စာစစ်ဌာန၌ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊လုံခြုံရေးအဖွဲ့ဝင်များကစ နစ်တကျစုဖွဲ့ကူညီပေးမှုဖြင့် ကျောင်းစာသင်ဆောင်များတွင် အေးချမ်း စွာဖြေဆိုလျက်ရှိသော ကျောင်းသားဦးရေ (၂၀၀)ကျော်၊ ကျောင်းသူဦးရေ (၃၀၀)ကျော်တို့ဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ ဦးရေ (၅၀၀) ကျော်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ မြန်မာဘာသာရပ်ကို ကောင်းမွန်စွာဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန် ဆိုင်း၊ နာယကအဖွဲ့ဝင် ဦးဆောင်၍ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များက နှုတ်ဆက် အားပေး၍ အာဟာရဖြစ်မုန့်နှင့် ဖျော်ရေဘူးများကို လိုက်လံဝေငှကျွေးမွေးမှုအား ကြည့်ရှု အားပေး ခဲ့ကြသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၂) မြို့နယ်တွင် စာစစ်ဌာနပေါင်း(၂၂)ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၉၉၇၃)ဦး ရှိသည့် အနက် ယမန်နေ့ မြန်မာဘာသာရပ်တွင် စာစစ်ဌာနအသီးသီး၌ ဝင်ရောက်ဖြေဆိုသူဦးရေ (၈၆၉၉) ဦးရှိပြီး စာစစ်ဌာနများတွင် လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့ဝင်များနှင့် စာမေးပွဲကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးမှုဖြင့် အေးချမ်းတည်ငြိမ်စွာ ဖြေဆို လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် (၇)နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ အားကစားနည်း (၂၀)နည်းတွင် သင်တန်းသားဦးရေ (၃၀၀၀) နီးပါးတက်ရောက်ကြသည့် ၂၀၂၅ ခုနှစ်၊ နွေရာသီ အခြေခံ အားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

သင်တန်းများဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နွေရာသီကျောင်းပိတ်ရက်ရှည် ကာလ အတွင်း လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာ ဗဟုသုတများ၊ နိုင်ငံနှင့် လူမျိုးကိုချစ်သည့်စိတ်များ တိုးပွားလာစေရေးအတွက် ယမန်နေ့က နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းများကို လူငယ်များကိုယ်တိုင်စိတ်ပါ ဝင်စားစွာဖြင့် သင်တန်းအသီးသီး၌ သင်တန်းသား (၃၀၀၀)နီးပါး တက်ရောက်သင်ကြားနေကြသည့် အတွက် ပိုမိုတောက်ပသော အနာဂတ်ကြယ်ပွင့်များ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်း သား/သင်တန်းသူများထဲမှ နောင်တစ်ချိန်တွင် ပြည်နယ်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင် မည့် အားကစားလူရည်ချွန်များ၊ အနာဂတ်ပုခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် စွမ်းရည်ပြည့်ဝ သော လူတော်လူမော်များဖြစ်အောင် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် နွေရာသီအခြေခံအားကစားသင်တန်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေနှင့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်းနည်းပြများ၊ သင်တန်းသားများ အတွက် အားကစားဝတ်စုံများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံအားကစားသင်တန်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဘောလုံး၊ ကရာတေး၊ Fitness Dance ၊ ဘောလီဘော၊ လက်ဝှေ့၊ မြန်မာ့သိုင်း စသည့် အားကစားနည်းများက အားကစားနည်းအလိုက် လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာ အုပ်စုအတွင်း ပြည်နယ်အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ရုံးမြေနေရာနှင့် ကျေးရွာကွက်သစ်လျာထားမြေနေရာသို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ မြေဧရိယာအတွင်း မြေဧက ၅၀၀ ၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းနှင့် ဌာန အဖွဲ့အစည်းများ၏ ရုံးမြေနေရာ သတ်မှတ်လျာထားမှု၊ ကွင်းအမှတ် (၂၈၂)ရှိ မြေဧရိယာ (၃၄)ဧက အတွင်း ကျေးရွာကွက်သစ်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ မြေယာပြုပြင် ဆောင်ရွက်လျက်ရှိသည့်အပေါ် အကွက်ချပုံစံ သတ်မှတ်လျာထားမှု အခြေအနေများ နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာ ကွက်သစ်မြေနေရာအား ‌ရေဆင်းစနစ်များကောင်းမွန်အောင် စနစ်တကျဖော်ထုတ်၍ မြေကွက်များ အား မြေအနေအထားပေါ် မူတည်၍ လျာထားသတ်မှတ်နိုင်ရေး၊ လမ်းများ စနစ်တကျ ဖောက်လုပ် သွားနိုင်ရေး မှာကြားခဲ့ပြီး အဆိုပါမြေဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအတွက် သတ်မှတ်လျာထားပေးသည့်မြေနေရာနှင့် အဆိုပါဧရိယာအတွင်း အဓိကလမ်းမများနှင့်ကြားလမ်းများ ဖောက်လုပ်ပေးနေမှုအပေါ် အရိပ်ရအပင်ကြီးမြန်သည့် မန်ဂျန်ရှားအပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)