မြစ်ကြီးနား မတ် ၁၉
ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့အား ပြည်နယ်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်လာစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲ က ရွှေအိုက်(ရွှေပြည်သာ)ရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မြေနေရာလျာထားသတ်မှတ်၍ အုတ်တံတိုင်းကာရံတည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရုံးအဆောက်အအုံသစ် တည်ဆောက်ပေးနိုင်ရေးနှင့် ရပ်ကွက်အတွင်း မြေသားလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့တွင်းကုန်တင်ယာဉ်တွဲကားကြီးများဝင်ရောက်မှုကြောင့် ယာဉ်ကြောပိတ်စို့မှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့ပြဧရိယာနှင့် ကင်းလွတ်သည့် အဆိုပါရပ်ကွက်အတွင်းရှိ မြေဧရိယာ (၈)ဧကအတွင်း စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုန်တင်ယာဉ် (တွဲကား) အစီး (၁၀၀)ခန့် ရပ်နားနိုင်သည့် ကုန်တင်ယာဉ်ကြီးများ ရပ်နားကွင်းတည်ဆောက်နေမှုအခြေအနေများနှင့် ယာဉ်များရပ်နားရန် အမာခံသဲကျောက်ခင်း ကြိတ်ခြင်းလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်နှင့် စက်သုံးဆီဆိုင်တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကွင်းမှတစ်ဆင့် ယာဉ်ငယ်များဖြင့် ကုန်စည်တင်ပို့နိုင်ရေး သက်ဆိုင်ရာဌာနများက ကြီးကြပ်စီမံဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေအိုက်ရပ်ကွက်၊ ကွင်းအမှတ်(၇၄) မြို့ပြဧရိယာအတွင်းသို့ သွားရောက်ပြီး အဆိုပါရပ်ကွက် စည်ကားဖွံ့ဖြိုးရေးအတွက် ရပ်ကွက်တွင်းကြားလမ်းများ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေသတ်မှတ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ် ရေကြောင်းရှင်းလင်းရေးအတွက် သောင်တူးခြင်းဆိုင်ရာလုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရေကာတာနှင့် ရေတာတမံတည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေကာတာနှင့် ရေတာတမံတည်ဆောက်ရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်ခဲ့မှု၏ နောက်ဆက်တွဲအနေဖြင့် မြစ်ကြမ်းပြင်သိသာစွာ မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ယခုနှစ် မိုးရာသီနှစ်စဉ်မြစ်ရေမြင့်တက်ချိန်မရောက်မီ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး လုပ်ငန်းစီမံကိန်းများကို အရှိန်အဟုန်ဖြင့် ညွှန်ကြားချက်ပါအတိုင်း စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဧရာဝတီမြစ်ရေကြောင်း ရှင်းလင်းရေးလုပ်ငန်းအတွက် လုပ်ငန်းစီမံကိန်းများအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဗလမင်းထင် တံတားအောက်ပိုင်း သဲသောင်တူးဖော်သွားမည့် လုပ်ငန်းစီမံကိန်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ အဆိုပါ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် ဗလမင်းထင်တံတားအောက်ပိုင်း သဲသောင်တူးဖော်ရှင်းလင်းမည့် အလျား ၆၀၀၀ ပေ၊ အကျယ် ၇၅ ပေ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာအထိ ရှင်းလင်းရမည့် အစီအစဉ်အား အမှန်တကယ် တူးဖော်ရှင်းလင်းရမည့် အကျယ် ၂၄၀ ပေ အထိ သောင်ဖြတ်တူးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လိုအပ်သည့် အကျယ်အတိုင်းအတာရရှိရေး သဲကျောက်တူးဖော်သည့် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါသဲသောင်ပြင်ဖြစ်ထွန်းလာမှုကြောင့် ရေကြောင်းပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟိုးလော်ကျေးရွာနှင့် လဝမ်ကထောင်ကျေးရွာများ ကမ်းပါးတိုက်စားခြင်းခံခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းစီမံကိန်းများကို မြန်ဆန်စွာဖြင့် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိတို့အားလုံးက စနစ်တကျကြီးကြပ်စီမံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)