စစ်တွေ မတ် ၁၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်၊ စက်သုံးဆီ၊ စားဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ အမ်ဗွီမိုးဟိန်းသင်္ဘောဖြင့် ဆန်နှင့် စားသောက်ကုန်မျိုးစုံများ၊ တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းသို့သွားရောက်ပြီး အမ်ဗွီမိုးဟိန်းသင်္ဘောပေါ်မှ ဆန်နှင့် စား သောက်ကုန်ပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိနိုင်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အမ်ဗွီမိုးဟိန်းသင်္ဘောတွင် ဆန်၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၁၄၂၈ ဒသမ ၄၃၆ တန် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့၊ အကြိုနေ့မှ ဧပြီလ ၁၆ ရက်နေ့၊ သင်္ကြန်အတက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပါရာဂွေးနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင်လည်း မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိခဲ့ကြောင်း၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မိမိတို့ရခိုင်ပြည်နယ်တွင်လည်း ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်ပျော်ရွှင်အောင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကအတိုင်း ဝန်ကြီးဌာနအလိုက် ဦးစီးဌာနများစုစည်းပြီး ရေကစားမဏ္ဍပ်များပြုလုပ်၍ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် ရခိုင်ရိုးရာ အစဉ်အလာမပျက် လောင်းလှေများဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးနှင့် ရေကစားမဏ္ဍပ်များဖြင့် ရေကစားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်သစ်ကူး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပနိုင်ရန် အများပြည်သူများ လုံခြုံစိတ်ချစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများအားလုံးသာမက ပြည်သူလူထုပါ အတူတကွပူးပေါင်းပြီး နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ချစ်ခင်စည်းလုံးစွာဆင်နွှဲနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ယခင်နှစ်က ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ယခုနှစ်တွင် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နွေရာသီ လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းတွင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကျောင်းသားများအား အခြေခံမီးသတ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မီးသတ်တပ်ဖွဲ့သည် သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်များ ဖြစ်ပေါ်လာသောအခြေအနေတွင် အချိန်မှီမီးငြှိမ်းသတ်နိုင်ရန်၊ တားဆီးနိုင်ရန်နှင့် ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ချက်ကြီးစွာဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းစတင်သင်ကြားချိန်မှစ၍ မီးသတ်နှင့်သက်ဆိုင်သည့် ပညာရပ်များကို စနစ်တကျသင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ မည်သည့်အလုပ်မဆို စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်မှ စနစ်တကျတတ်မြောက်မည်ဖြစ်ကြောင်း၊ လူများသည် မီးဘေးအန္တရာယ်ကို အကြောက်ဆုံးဖြစ်သည့်အတွက် အဆိုးဆုံးနှင့် အထိတ်လန့်ဆုံးဖြစ်သော မီးဘေးအန္တရာယ်ကိုငြှိမ်းသတ်ရန် စနစ်တကျလေ့ကျင့်ဆောင်ရွက်ထားခြင်းမရှိလျှင် အောင်မြင်မှုရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် စနစ်တကျလေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးနေသော မီးသတ်ပညာရပ်များကို စနစ်တကျ လေ့လာမှတ်သားပြီး မီးဘေးအန္တရာယ်ကို ကာကွယ်ရာတွင် လူမှုရေးစိတ်ဓာတ်အပြည့်ဖြင့် ကူညီဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ရပ်ကွက်၊ မိမိတို့ကျေးရွာ၊ မိမိတို့မြို့နယ်တွင် မီးဘေးအသိရှိနေကြသူများဖြစ်ကာ ပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း ဟောပြောနိုင်သူများ ဖြစ်နေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်ဆိုသည့်အတိုင်း မိမိတို့ကိုယ်တိုင်ယုံကြည်မှုရှိလာလျှင် ပေးအပ်သည့်တာဝန်များကို ကိုယ်တိုင်ဦးဆောင်၍ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုစိတ်ဓာတ်၊ ရဲဘော်၊ ရဲဘက်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ရပ်ရွာအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို ရွက်ဆောင်နိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးသူနာပြုသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)