ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့်လမ်းများတွင် ဆိုလာမီးတပ်ဆင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဌာနဆိုင်ရာရုံးများတွင် ဆိုလာမီးများ တပ်ဆင်ထားရှိမှုကြည့်ရှုစစ်ဆေး

စစ်တွေ မတ် ၂၁

စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် လမ်းများတွင် ဆိုလာမီးတပ်ဆင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တင်ဒါအောင်မြင်ခဲ့သောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့ပေါ်ရှိ ဘုရား၊ စေတီများ၊ စာသင်ကျောင်းများ၊ လမ်းမီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ အဆင်ပြေချော့မွေ့စွာ လည်ပတ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ဌာနဆိုင်ရာများ၏ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သတင်းစာများတွင် တင်ဒါခေါ်ယူပြီး လျှောက်ထားသည့် ကုမ္ပဏီများကိုလည်း လုပ်ငန်းအမှန်တကယ်ဆောင်ရွက်နိုင်စွမ်း ရှိ/မရှိ ရှင်းလင်းတင်ပြစေခြင်း၊ ပစ္စည်းစုဆောင်းထားရှိမှုအခြေအနေ၊ အသုံးပြုမည့်အမှတ်တံဆိပ် စသည့်တို့ကို နည်းပညာကျွမ်းကျင်သော ဌာနဆိုင်ရာများဖြင့်စိစစ်၍ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကိုလည်း တပ်ဆင်မည့်မြေပြင် အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီးမှသာ စနစ်တကျဆောင်ရွက်စေခဲ့ကြောင်း၊ ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းအား သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌများက စနစ်တကျကြီးကြပ်ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး လုပ်ငန်းကျန်ရှိမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဌာနပိုင်စာရင်း သွင်းနိုင်ရေး၊ ရေရှည်အသုံးပြုနိုင်ရေး၊ စာရင်းစစ်ဆေးခံနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်တပ်ဆင်နိုင်ရေး သက်ဆိုင်ရာ Lot အလိုက် တာဝန်ယူထားသည့် တင်ဒါကော်မတီဥက္ကဋ္ဌများက အလေးအနက်ထား ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ တင်ဒါကော်မတီဥက္ကဋ္ဌများဖြစ်သော ပြည်နယ်ဝန်ကြီးများက တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆိုလာကုမ္ပဏီများ၏ အားသာချက်၊ အားနည်းချက်များ၊ ဆိုလာမီးဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ကုမ္ပဏီများမှ တာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆိုလာများ၊ ဘက်ထရီများရောက်ရှိနေမှု၊ တပ်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိကာ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက မီးအားသုံးစွဲနိုင်မှုအခြေအနေနှင့် မီးအားသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)