ဟားခါး မတ် ၂၁
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ချယ်ရီခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့သင်တန်းဆင်းပွဲပြုလုပ်သည့် သင်တန်းသည် ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်ဖွဲ့ဝင်အင်အား တောင့်တင်းခိုင်မာစေရန် (Men Power) တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ဝယ်ယူဖြည့်တင်းပေးထားသည့် နိုင်ငံတကာအဆင့်မှီ မီးငြှိမ်းသတ်ရေး/ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို (Equipment Power)လည်း ရှိသင့်သလောက်ရှိနေပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာပိုင်းဆိုင်ရာ (Technology Power) လိုအပ်ချက်ကို ယခုသင်တန်းတွင် နည်းပြများက သင်ကြားပေးပြီးဖြစ်သည့်အတွက် နည်းပညာပိုင်းဆိုင်ရာလည်း ထိုက်သင့်သလောက် ကျွမ်းကျင်တတ်မြောက်သွားပြီဟုယူဆပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာကြီးတစ်ခုလုံး (Climate Changes) ဟုခေါ်သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်း၊ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်း၊ မိုးကြိုးလျှပ်စီးများပစ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါဘေးကျရောက်ခြင်းဒဏ်များကို လူသားအားလုံးခံစားနေရသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို အပြီးတိုင်ကာကွယ်ခြင်၊ တုံ့ပြန်ခြင်း မဆောင်ရွက်နိုင်သော်လည်း သက်သာမှုရရှိစေရန် ကြိုတင်ပြင်ဆင်၍ Men Power ၊ Equipment Power နှင့် Technology Power များဖြစ်သည့် MET Power ကို ဟန်ချက်ညီညီ ဆောင်ရွက်၍ အသင့်ရှိမည်ဆိုပါက သဘာဝဘေးများကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး သင်းတန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ကွင်းပြင်၌ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပရာ သရုပ်ပြအဖွဲ့ခေါင်းဆောင်က ပြည်နယ်ဝန်ကြီးချုပ်ထံ သတင်းပို့ တန်းအပ်ပြီးနောက် သရုပ်ပြအဖွဲ့က မီးလောင်မှုဖြစ်စဉ်နေရာသို့ Fire Poof Suit (မီးကာဝတ်စုံ)ဝတ်ဆင်ပြီး မီးလောင်ပြင်သို့ ဝင်ရောက်ကာ ပိတ်သူများရှိ/မရှိ ရှာဖွေခြင်း၊ HNE ဟုခေါ်သည့် ခေတ်မီနည်းပညာဖြင့်ထုတ်လုပ်ထားသော ကျောလွယ်ရွှေ့လျားအမြှပ်မီးသတ်ဆေးဘူးဖြင့် ဆီမီးလောင်ရာတွင် ကိုင်တွယ်အသုံးပြုနည်း၊ ဂတ်ယိုစိမ့်မှုကြောင့် မတော်တဆမီးလောင်မှုများဖြစ်ပွားပါက မီးငြှိမ်းသတ်နည်း၊ RTA ခေါ် မော်တော်ယာဉ်မတော်တဆဖြစ်စဉ်တွင် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ပြီး မီးငြှိမ်းသတ်နည်း၊ ငလျင်လှုပ်မှုကြောင့် အထပ်မြင့်အဆောက်အဦပြိုကျပြီး အသက်ရှင်လျက်ရှိသည့်လူနာအား ရှာဖွေကယ်ဆယ်ခြင်းနှင့် လူနာအား သက်ဆိုင်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်နိုင်ရေးဆောင်ရွက်မှုများကို သရုပ်ပြသခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်မီးသတ်ဦးစီးဌာနနှင့် သင်တန်းသားများပူးပေါင်း၍ လက်တွေ့သရုပ်ပြသသွားခြင်းကို အားရကျေနပ်ပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ အစိုးရနှင့် ပြည်သူအားကိုးသည့် ဌာနဖြစ်သဖြင့် ယခုကဲ့သို့ ဌာနဆိုင်ရာများသာမက ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ယခုကဲ့သို့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည့်အတွက် အထူးဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)