ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကော့သောင်းမြို့နယ်မှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း‌ အစည်းအဝေး ပြုလုပ်

ကော့သောင်း မတ် ၂၂ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လဝကဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် မဲရုံလျာထားဆောင်ရွက်ချက်များကို မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ဆောင်ရွက်နိုင်ရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲစနစ်တကျ မဲပေးနိုင်ရန် ဆောင်ရွက်ရေးနှင့်  ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွတ်တော်ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ မဲဆန္ဒရှင်များစာရင်းမှန်ကန်စေရေးနှင့် လူဦးရေစာရင်း (စတုတ္ထမူကြမ်း) အား မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုအမှတ်စဉ်ဖြည့်သွင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရန် စာရင်းအချက်အလက်မှန်ကန်ရေး ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ယင်းနောက်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ဆန္ဒမဲပေးခွင့်ရှိသူများ နစ်နာမှု မရှိစေရေး ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကို ပြောကြားခဲ့သည်။   ထို့နောက်  ကော့သောင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က e-ID လူဦးရေစာရင်း(စတုတ္ထမူကြမ်း)အား မြေပြင်နေထိုင်မှု အခြေအနေနှင့် အိမ်ထောင်စု အမှတ်စဉ် ဖြည့်သွင်းခြင်းလုပ်ငန်းအခြေအနေများနှင့် လျာထားမဲရုံတည်နေရာများကို မြေပုံများဖြင့် ရှင်းလင်းတင်ပြ၍ ကော့သောင်းခရိုင် ရွေးကောက်ပွဲအရာရှိ ဦးဖြိုးထက်ကိုက လက်ရှိဆောင်ရွက်နေသည့် ရွေးကောက်ပွဲလုပ်ငန်းများနှင့် လျာထားမဲရုံတည်နေရာများ၊ (CVLMS)စနစ်တွင် စိစစ်စာရင်း‌ ရေးသွင်းခြင်းနှင့် အဆိုပါစနစ် အသုံး ပြုရသည့် အကျိုးကျေးဇူးများ၊ လူဦးရေစာရင်း (စတုတ္ထမူကြမ်း) အား မြေပြင်တိုက်ဆိုင် စိစစ်ပြီးစီးမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်း ခန့်မှန်းတွက်ချက်မှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)