ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ (နောက်ဆုံးနေ့) ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေး

ပြည် မတ် ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (နောက်ဆုံးနေ့) ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့ အ.ထ.က (၁) နှင့် အ.ထ.က (၅) စာစစ်ဌာနတို့သို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်စာမေးပွဲ (နောက်ဆုံးနေ့) ၏ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာမေးပွဲဖြေဆိုပြီးချိန် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နေအိမ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်ရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပြည်မြို့နယ်တွင် မတ်လ ၁၇ ရက်ကစတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁)၊ အ.ထ.က (၄)၊ အ.ထ.က (၅)၊ အ.ထ.က (ဝက်ထီးကန်) နှင့် အ.ထ.က (ပေါင်းတလည်) အစရှိသည့် စာစစ်ဌာန ၅ ခု၌ ကျင်းပလျက်ရှိပြီး အဆိုပါစာစစ်ဌာန ၅ ခု၌ ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူစာရင်းရှိ ၁၆၃၂ ဦးအနက် ယနေ့တွင် ၁၅၅၈ ဦး ဝင်ရောက်ဖြေဆိုကြ၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့‌ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပလကဖအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်းတာဝန်ရှိသူများအဖွဲ့က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)