ကော့သောင်း မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာန၊ Book Club အဖွဲ့နှင့် ပူးပေါင်း၍ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူ လူငယ်၊လူရွယ်များ ကျောင်းပိတ်ရက်ကာလတွင် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ပြီး၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းမှ ရရှိသည့် ပညာရပ်အား ပြန်လည်အသုံးချတတ်နိုင်ရေး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ Book Club အဖွဲ့ဝင် အင်္ဂလိပ်နည်းပြ ဆရာဦးသန်းဝင်းက သင်ကြားမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား/သူများအား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌမှ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်အား လက်ဆောင်ချီးမြှင့်ခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ အချိုရည်နှင့် မုန့်မျိုးစုံအား အာဟာရဒါန လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးသန်းဝင်းအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က သင်တန်းသား/သူများကိုယ်စား သင်တန်း သားတစ်ဦးအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)