စစ်တွေ မတ် ၂၂
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြှင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးဝင်းအတွင်း နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသော တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထိုသို့ ဆေးရုံကြီးဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးရုံကြီးအနီး ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးအတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မျက်စိအထူးကုဆရာဝန်ကြီး၏ ကွင်းဆင်းမျက်စိခွဲစိတ်ကုသခဲ့မှုများကို လှည့်လည်ကြည့်ရှုကြရာ ဆရာဝန်ကြီးက ဆက်လက်ခွဲစိတ်ကုသမှုများ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကြပြီး ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (စစ်တွေ)တို့တွင် ၂၀၂၅ ခုနှစ်၊ နွေရာသီ လူငယ်ရေးရာဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီ အခြေခံဘင်ခရာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ သင်တန်းသား၊ သင်တန်းသူများက ဝတ်စုံပြည့်ဖြင့် လေ့ကျင့်တီးခတ်ဖျော်ဖြေပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အခမ်းအနားများတွင် တီးခတ်ဖျော်ဖြေပေးနေကြသော အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ ဘင်ခရာတပ်ဖွဲ့ဝင်များက လေ့ကျင့် သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ လက်ဆင့်ကမ်း၍ သင်ကြားပေးခြင်းဖြစ်သည့်အတွက် အတူတကွ သင်ယူလေ့လာမှတ်သားကာ ကြိုးစားသင်ယူကြစေလိုကြောင်း၊ တတ်မြောက်ထားသော ပညာရပ်များကိုလည်း ဆက်လက်လေ့ကျင့်သင်ယူနေမှသာ ကျွမ်းကျင်စွာ တတ်မြောက်လာမည်ဖြစ်ကြောင်း၊ သင်တန်း သား၊ သင်တန်းသူများအနေဖြင့် ပညာရေးတွင် ထူးချွန်တတ်မြောက်ရန် လိုသကဲ့သို့ အားကစားနှင့် အခြားသော ပညာရပ်များတွင်လည်း ထူးချွန်စွာတတ်မြောက်ရန် လိုအပ်ကြောင်း၊ သို့မှသာ ဘက်စုံထူးချွန်သည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်ရွယ်များဖြစ်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း လူငယ်များ ကာယ၊ ဉာဏ စွမ်းရည်မြင့်မားစေရန်၊ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုလိုသော အလေ့အကျင့်ကောင်းများ ရရှိစေရန် အပါအဝင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်ခရာသည် စုစည်းပြီးတီးခတ်၊ တီးမှုတ်ရသော တူရိယာတစ်မျိုးဖြစ်ကြောင်း၊ အဖွဲ့အစည်းဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ညီညီညာညာ ဆောင်ရွက်လိုစိတ်ရှိခြင်း၊ အနုပညာဆန်ခြင်း တို့ကြောင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စည်းလုံးညီညွတ်မှုဖြင့် လေ့လာသင်ယူခဲ့ခြင်းကြောင့် အချိန်တိုအတွင်း တီးခတ်ဖျော်ဖြေနိုင်ကြပြီဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုထက်ထူးချွန်ထက်မြက်သူများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးစကား ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)တွင် ကျောင်းသား၊ ကျောင်းသူများအား အေရိုဗစ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)